spot_img
18.4 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖယ်ခုံမြို့နယ် တိုက်ပွဲအတွင်း KNDF တပ်ရင်း (၁၁) မှ ရဲဘော်တစ်ဦးကျဆုံး

ဖယ်ခုံမြို့နယ် တိုက်ပွဲအတွင်း KNDF တပ်ရင်း (၁၁) မှ ရဲဘော်တစ်ဦးကျဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာတိုက်ပွဲဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၁၁) က ရဲဘော် ဒါးဝီဟာ ဧပြီလ ၂၃ ရက်နေ့ မှာ ကျဆုံးခဲ့တယ်လို့ KNDFတပ်ရင်း ၁၁ က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲအတွင်းမှာ KNDFတပ်ရင်း (၁၁) ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး စစ်ကောင်စီဖက် ထိခိုက် ကျဆုံးမှုကို တော့ မသိရှိရသေးပါဘူး။ ဧပြီလ ၂၄ရက်နေ့မှာတော့ ပူးပေါင်းတပ်ဖွဲ့ဖက်ကနေ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ Karenni Information Center(KnIC)က ဖော်ပြထားပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းဖက်မှာတော့ တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေဆဲဖြစ်ပါတယ်။

“ တိုက်ပွဲဖြစ်ပါတယ်။ ရန်သူကို ဖြတ် ဖြတ်တိုက်ပေးတယ်လေ။ ဖယ်ခုံက တပ်တွေက။ မိုးဗြဲနားမှာက KNDF တွေ တချို့ရှိမယ်။ နောက် နယ်ခံရှိတယ်ပေါ့။ တပ်ရင်းတချို့ပါမယ်။ KAတချို့ပါမယ်။ “ လို့ ကရင်နီတပ်မတော် (KA) မှ ဗိုလ်မှူးကြီး ဘုန်းနိုင် က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ဧပြီလ ၂၁ ရက်နေ့က မြောက်စလုံးဖက် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ မြေပြင်သတင်းအချက်အလက်အရ သိရှိရပါတယ်။

ဒါ့အပြင် ဧပြီလ (၂၁) ရက်နေ့ မှာလည်း ပင်လောင်းဖက်ကနေ လွိုင်ကော်ဖက်ကို ဦးတည်တဲ့ စစ်ကောင်စီယာဉ်တန်း အစီး (၂၀) ကို ဖယ်ခုံ PDF တပ်ရင်း(၂) နဲ့ KNDF တပ်ရင်း ( ၃ ) တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီယာဉ်တန်း ၁ စီး ဖျက်စီးနိုင်ခဲ့တယ်လို့ KNDF တပ်ရင်း ( ၃) ရဲ့ ဧပြီလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

“ဖယ်ခုံကနေ လွိုင်ကော်ဖက် ကယားပြည်နယ်ဖက်သွားတဲ့ယာဉ်တန်းကို ကျနော်တို့ ဖြတ်တောက်ပေးတာပေါ့နော။ ဒီးမော့ဆိုဖက်ကို စစ်ကူ၊ ဒါမှမဟုတ်ရင်လည်း လက်နက်ခဲယမ်း ရိက္ခာပို့တဲ့ ယာဉ်တန်းထင်တယ်။” လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ဖယ်ခုံ PDF တပ်ရင်း(၂) တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ဧပြီ ၂၁ ရက်နေ့ နံနက် ၂ နာရီကနေ ၈ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ကျေးရွာတစ်ခုရှိ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရတာလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဖယ်ခုံ-ပင်လောင်းဖက်မှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ လက်ရှိအချိန်ထိ စစ်ရေးပြင်းထန်နေဆဲဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Photo – Khun Clement HM Facebook

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ