spot_img
20.6 C
Loikaw
Tuesday 9, December 2025
spot_img
Homeသတင်းကရင်နီမှာ ၈ လအတွင်း လေကြောင်းတိုက်ခိုက်မှု (၄၃၅) ကြိမ်ရှိခဲ့ ၊ ယခင်နှစ်ထက် ၂ဆပိုတိုးလာ

ကရင်နီမှာ ၈ လအတွင်း လေကြောင်းတိုက်ခိုက်မှု (၄၃၅) ကြိမ်ရှိခဲ့ ၊ ယခင်နှစ်ထက် ၂ဆပိုတိုးလာ

-

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်မှာ ၂၀၂၃ ခုနှစ် ၈လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု (၄၃၅) ကြိမ်အထိ ရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)က စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တစ်နှစ်တာကာလ အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု (၁၈၂) ကြိမ်သာရှိခဲ့တာပါ။ ဒါ့ကြောင့် ၂၀၂၃ခုနှစ် ဩဂုတ်လအထိ ၈လအတွင်းလေကြောင်းတိုက်ခိုက်မှု ၂ ဆထိ မြှင့်တက်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ဗဟိုပြန်ကြားရေး တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။

“တိုက်ခိုက်မှုကတော့ တိုးလာတာအမှန်ပဲ။ ဒါ လေကြောင်းတိုက်ခိုက်မှုက ၂ဆ ကျော်တိုးလာတယ်လို့ ကျနော်တို့ ခန့်မှန်းလို့ရတယ်ပေါ့နော။ ဒေတာအချက်အလက်အားလုံးကိုတော့ ကျနော်တို့က နှစ်ကုန်မှ ချုပ်တယ်ဖြစ်တဲ့အတွက် အခုလောလောဆယ်တော့ ကျနော်တို့ အတိအကျမပြောနိုင်သေးဘူးပေါ့နော။ ဒါပေမဲ့ ၂ဆ ကနေ ၃ဆအထိ လေကြောင်းတိုက်ခိုက်မှုက ပိုများလာတယ်လို့ ပြောလို့ရတယ်ပေါ့နော။” လို့ KNDF ဗဟိုပြန်ကြားရေး တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။

PKPF စာရင်းထုတ်ပြန်ချက်အရ ကရင်နီပြည်မှာ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ ၈လအတွင်းတိုက်ပွဲပေါင်း (၂၅၆) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က အထိနာမှုများတဲ့ တိုက်ပွဲတွေမှာ လေကြောင်းသုံး တိုက်ခိုက်မှု ပြုလုပ်လေ့ရှိတယ်လို့ မြေပြင်မှာ တိုက်ခိုက်နေတဲ့ တော်လှန်ရေး ရဲဘော်တွေက ဆိုပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲအတွင်းသာမက အရပ်သားတွေရှိနေတဲ့ ကျေးရွာ၊ စစ်ရှောင်စခန်းတွေကိုပါ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လျှက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာပဲ စစ်ကောင်စီရဲ့လေယာဉ်ဗုံးကျဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကရင်နီပြည်မှာ အရပ်သားသုံးဦးသေဆုံးခဲ့ရပါတယ်။

အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်ကစပြီး ၂၀၂၃ခုနှစ် ဩဂုတ်လကုန်အထိ ကရင်နီပြည်မှာ လေကြောင်းတိုက်ခိုက်မှု (၆၁၉) ကြိမ်ရှိပြီး တိုက်ခိုက်မှုကြောင့် နေအိမ် (၃၀၀)ကျော် နဲ့ ဘာသာရေးအဆောက်အအုံ (၁၅ )လုံး ပျက်စီးသွားတယ်လို့လည်း PKPF ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ