spot_img
16.2 C
Loikaw
Sunday 16, November 2025
spot_img
Homeသတင်းရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့မှာ စစ်ရှောင် ၄၀၀၀ကျော်ကိုလက်ခံထား၊ စစ်ရှောင်စခန်း ၁၃ ခုရှိ

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့မှာ စစ်ရှောင် ၄၀၀၀ကျော်ကိုလက်ခံထား၊ စစ်ရှောင်စခန်း ၁၃ ခုရှိ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့မှာ (၁၁.၁၁) စစ်ဆင်ရေးစတင်ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ကို ရောက်ရှိလာတဲ့ စစ်ရှောင် ၄၅၀၀ဝန်းကျင်ကို နေရာ ၁၃ ခုမှာ ကူညီလက်ခံထားပေးတယ်လို့ ညောင်ရွှေဒေသခံတွေနဲ့ ပရဟိတအသင်းတွေဆီကနေ သိရပါတယ်။

“ကျနော်တို့ လက်ရှိမှာတော့ ညောင်ရွှေမြို့ပေါ်မှာတော့ အခုလက်ရှိ ဒီနေ့နဲ့ဆို ၁၃ နေရာ ကျနော်တို့ နေရပ်စွန့်ခွာသူ တွေအတွက် ၁၃ နေရာ စီစဥ်ထားပေးပါတယ်။” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ညောင်ရွှေမြို့က ပရဟိတ အသင်းဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

အဆိုပါ စစ်ရှောင် ၄၅၀၀ ဝန်းကျင်အတွက် လိုအပ်နေတဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေကို ညောင်ရွှေဒေသခံတွေနဲ့ တာဝန်ရှိသူတွေက ဝိုင်းဝန်းကူညီပေးထားတယ်လို့ ဆိုပါတယ်။

“လောလောဆယ်တော့ ဒီမြို့သူမြို့သားတွေရဲ့ အလှူတွေ တာဝန်ရှိသူတွေ ဒီမြို့ကြီးမြို့ဖတွေ ပရဟိတအသင်းကနေပြီးတော့ တတ်နိုင်သလောက်တော့ သူတို့ လိုအပ်တဲ့ဟာ အစားအသောက်တွေ နေထိုင်ရေးတွေ ကျန်းမာရေး ကိစ္စတွေတော့ ဆောင်ရွက်ပေးနေတယ်ပေါ့နော်။ သူတို့တွေကတော့ အကုန်လုံးကတော့ပြည့်စုံသလောက်ရှိနေပါတယ်။ အရမ်းကြီး အခက်အခဲတော့ မရှိသေးဘူးပေါ့နော်။” လို့ ညောင်ရွှေမြို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ညောင်ရွှေဒေသခံတွေက တိမ်းရှောင်လာတဲ့ စစ်ရှောင်တွေကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း စစ်ရှောင်တွေကပြောပါတယ်။ ဒါပေမဲ့လည်း ဆောင်းတွင်းကာလမှာ အနွေးထည်တွေ စောင်တွေ ပိုမိုလိုအပ်နိုင်တယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

“အခက်ခဲဆိုရင်တော့ အခုက စောင်တွေလောက်ပဲ ရှိမယ်။ အရမ်းအေးတော့ စောင်ကတော့ရှိတော့ရှိတယ်။ ပေးတော့ပေးတယ်။ ဒါပေမဲ့ စောင်ဆိုပေမဲ့လည်း ဘယ်လို ပြောမလဲ အရမ်းနွေးတဲ့ထဲမှာ မပါဘူးကော။ လောလောဆယ်တော့ စောင်လိုသလောက်တော့ ပေးနေပါတယ်။ လူတိုင်းတော့ စောင်တော့ ရတော့ရနေပါပြီ “ လို့ ညောင်ရွှေရောက် စစ်ရှောင် အမျိုးသားတစ်ဦးက ဆိုပါတယ်။

မြို့တွင်းတိုက်ပွဲတွေကြောင့် ကရင်နီပြည်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်လူထုတွေဟာ နယ်ချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်ကို နေ့စဉ်ရောက်ရှိလာနေပြီး တချို့မှာလည်း နေရာထိုင်ခင်း အခက်အခဲရှိနေသေးတယ်လို့ သိရပါတယ်။

တိမ်းရှောင်လာတဲ့ လူထုတွေအတွက် ရေရှည်စားဝတ်နေရေးအခက်အခဲရှိလာနိုင်တာကြောင့် အလှူရှင်တွေ လာရောက်လှူဒါန်းပေးဖို့ ပရဟိတအသင်းတွေက တောင်းဆိုထားတာရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ