Homeသတင်းမြေဩဇာစျေး မြှင့်တက်လာလို့ နွေးစပါးစိုက်တဲ့ တောင်သူတွေအခက်တွေ့

မြေဩဇာစျေး မြှင့်တက်လာလို့ နွေးစပါးစိုက်တဲ့ တောင်သူတွေအခက်တွေ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်တွင်းရှိ နွေစပါးစိုက်တောင်သူတွေဟာ ယခုနှစ်မှာ မြေဩဇာစျေးနှုန်း မြှင့်တက်လာတဲ့အတွက် အခက်တွေ့နေကြတယ်လို့ ပြောပါတယ်။ လတ်တလောမှာလည်း စက်သုံးဆီစျေး အဆမတန် မြှင့်တက်လာတာအပြင် ဓာတ်မြေဩဇာစျေးလည်း ထပ်တူမြှင့်တက်လာတဲ့အတွက် နန်းမယ်ခုံမြို့နယ်က တောင်သူလယ်သမားတွေ မြေဩဇာဝယ်ဖို့ အခက်အခဲဖြစ်နေကြတယ်လို့ နွေစပါးစိုက်ပျိုးတဲ့ တောင်သူတစ်ဦးက အခုလို ပြောပါတယ်။

“ဒီဇယ်စျေးလည်း အခု ၁ ဂါလံကို ၆၅၀၀၀ အထိရှိပြီ။ မြေဩဇာလည်း တစ်အိတ်ကို ၁၈၅,၀၀၀ တဲ့။ အနည်းဆုံး ၁၆၅,၀၀၀ အဲ့လောက်ရှိတယ်။ ကျနော်တို့အတွက်တော့ တော်‌တော် ဒုက္ခရောက်တယ်။” လို့ နွေစပါးစိုက်ပျိုးသူ တောင်သူတစ်ဦးက ဆိုပါတယ်။

မြေဩဇာထည့်ဖို့ အခက်အခဲ ရှိလာရင်တော့ စပါးအထွက်နှုန်းလည်း နည်းပါးသွားမှာ ဖြစ်ကြောင်းကို အဆိုပါ တောင်သူတစ်ဦးက ဆက်ပြောပါတယ်။ ယခင်က နွေစပါးစိုက်ပျိုးရာမှာ တစ်ဧကကို မြေဩဇာ ၃ အိတ်နှုန်း အသုံးပြုလေ့ရှိကြပြီး လက်ရှိမှာ တစ်အိတ်နှုန်းကိုတောင် ထည့်နိုင်ဖို့ မတတ်နိုင်ကြတော့ဘူးလို့ သူက ပြောပါတယ်။

ဒီဇယ်စျေး မြှင့်တက်သွားတာကြောင့် မြေဩဇာလည်း စျေးတက်သွားရတဲ့အကြောင်းကို မြေဩဇာရောင်းတဲ့ ဆိုင်ရှင်တစ်ဦးက အခုလို ပြောပါတယ်။

“ဒီနှစ်က ကားခ စျေးတအားများတယ်လေ။ ဒီဇယ်စျေးထိုးတက်သွားတာ အရင်တစ်ခေါက်က အဲ့လောက်စျေး မရှိဘူး။ အခုပဲတက်သွားတာ။” လို့ ပြောပါတယ်။

ဝမ်းစာအတွက် မဖြစ်မနေ စိုက်ပျိုးနေကြရပေမဲ့ အသက်အန္တရာယ်ကိုလည်း စိုးရိမ်နေကြရတဲ့အပြင် အခုလို စက်သုံးဆီစျေး၊ မြေဩဇာစျေး မြှင့်တက်လာတာတွေကြောင့် အခက်အခဲ ဖြစ်နေကြတယ်လို့ နွေစပါး စိုက်ပျိုးတဲ့တောင်သူတွေက ပြောပါတယ်။

ကရင်နီပြည်က လွိုင်ကော်၊ ဒီးမော့ဆို၊ နန်းမယ်ခုံ မြို့နယ်တို့မှာ စပါးစိုက်ပျိုးမှု အများဆုံးရှိတဲ့ ဒေသတွေ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ မြို့နယ်အသီးသီးက ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပြီး တချို့နေရာတွေမှာပဲ စိုက်ပျိုးနိုင်တော့တာပါ။ ဒီနှစ်မှာတော့ နန်းမယ်ခုံမြို့နယ်အတွင်းမှာ နွေစပါးစိုက်ပျိုးနိုင်မှုဟာ ဆယ်ပုံတစ်ပုံသာ ရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ