ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ခိုးလျေဆိုစစ်ရှောင်စခန်းမှာ ကလေးအပါဝင် သက်ကြီးပိုင်းတွေဟာ ဧပြီလဒုတိယပတ်ကစလို့ ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားနေကြပြီး လက်ရှိအချိန်ထိ ဆေးဝါးအခက်အခဲကြောင့် သက်သာခြင်းမရှိသေးဘူးလို့ ကျန်းမာရေးဆရာမတဦးက ပြောပါတယ်။
“ကလေးနဲ့ လူကြီးပိုင်း ဝမ်းပျက်ဝမ်းလျှောဖြစ်တာ တစ်ရွာလုံး ဖြစ်နေပြီ၊ အထူးသဖြင့် ကလေးရော လူကြီးရောပေါ့၊ ဆေးလိုအပ်နေတယ်” လို့ ကျန်းမာရေးဆရာမတဦးက ပြောပါတယ်။
နေ့အပူရှိန် မြင့်မားတာ၊ ရေရှားပါးမှုကြောင့် ကလေးနဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေကြပြီး ဆေးဝါးဝယ်ယူဖို့ မတတ်နိုင်ကြဘူးလို့ ဆိုပါတယ်။
“ဓာတ်ဆားက ဈေးကြီးတယ် ရှားတယ်၊ ပြီးတော့ မိသားစုတိုင်းခက်ခဲတော့ မဝယ်နိုင်ကြဘူး ရှိလည်း မရှိဘူး ဆရာမတွေဆီ သွားယူလည်း အကန့်အသတ်နဲ့ ပေးတယ်၊ အကယ်၍ ရောဂါထိန်းသွားနိုင်ပြီဆိုရင် ဓာတ်ဆားမပေးတော့ဘူး”လို့ အဆိုပါ ကျန်းမာရေးဆရာမတဦးက ဆက်ပြောပါတယ်။
စစ်ရှောင်စခန်းက ကလေး၊ လူကြီး ဦးရေ ၂၀ ဝန်းကျင် စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ဖြစ်ပွားသူတွေ ၁၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ရှောင်စခန်းမှာ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းမရှိသလို လိုအပ်နေတဲ့ အခြေခံဆေးဝါး၊ ဓာတ်ဆား လိုအပ်နေတယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေက တခြားနီးစပ်တဲ့ ကျေးရွာဆေးခန်းတွေမှာ ဆေးခန်းသွားပြရပြီး ရောဂါအခြေအနေပေါ်မူတည်ကာ ဆေးဝါးကိုလည်း အကန့်အသတ်နဲ့ ရယူနေရတယ်လို့ ပြောပါတယ်။
ဒီးမော့ဆို ၊ ဖရူဆိုမြို့ရဲ့ အဓိက ဆက်သွယ်ရေးပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က ထိန်းချုပ်ထားတာကြောင့် ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေ သယ်ယူဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ခိုးလျေဆို စစ်ရှောင်စခန်းမှာ ထီးသဲကူးကျေးရွာခံ နဲ့ တခြားဒေသအသီးသီးက လာရောက်တိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင် စုစုပေါင်း ၂၀၀၀ ကျော် ရှိပါတယ်။






