spot_img
Homeသတင်းလွိုင်ကော်မြို့မှာ မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးစ ထိမှန်မှုကြောင့် လေးဦး ဒဏ်ရာရ

လွိုင်ကော်မြို့မှာ မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးစ ထိမှန်မှုကြောင့် လေးဦး ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း ( မ် )

စစ်အစိုးရ ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့မှာ ယခုဧပြီလအတွင်း မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးစထိမှန်မှုကြောင့် ပြည်သူ သုံးဦး နဲ့ ဝန်ထမ်းတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က လွိုင်ကော်မြို့ ၊ နောင်ယား ( က ) ရပ်ကွက်အတွင်း အသက် ၄၀ အရွယ် အမျိုးသမီးတဦး နေအိမ်ခြံဝန်းသန့်ရှင်းရေးပြုလုပ်နေစဉ် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အလားတူ တရက်တည်းမှာပဲ ထီးစဲခါးကျေးရွာမှာနေထိုင်တဲ့ အသက် ၉ နှစ်အရွယ် ကလေးတဦး နေအိမ်ခြံဝန်းထဲ ကစားနေစဉ် မိုင်းနင်းမိခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“တရက်ထဲ မိုင်း နင်းမိတဲ့သူ နှစ်ယောက်ရှိတယ် ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်ဆိုတဲ့အကြောင်းပေါ့နော။ နောင်ယားရပ်ကွက်ဆိုတာက ၁ လေးလုံးစစ်ဆင်ရေးက တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာပေါ့။ အဲ့ဖက်ရပ်ကွက်က နေအိမ် သန့်ရှင်ရေးပြန်လုပ်ကြသူတွေထဲ တော်တော်များများက မိုင်းနင်းမိကြတာများတယ်။ ဒီဖက်က အုပ်ချုပ်ရေးအဖွဲ့ကတော့ မိုင်းရှင်းပြီးပြီ ဘာညာပြောပေမယ့်လည်း ခုထိ နင်းမိကြတုန်းပဲ။” လို့ မြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင် ဧပြီလ ၁၉ ရက်နေ့ကလည်း လွိုင်ကော်မြို့နယ် ၊ လွိုင်လင်လေးမြို့၊ အောင်တေဇရပ်ကွက်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ၊ ပြည်သူတွေ စုပေါင်းပြီး သန့်ရှင်းရေးဆောင်ရွက်ကြစဉ် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးဗုံးသီးစကို ပေါက်ပြားဖြင့် ပေါက်မိပြီး ပေါက်ကွဲခဲ့တာကြောင့် ပြည်သူတဦးနဲ့ ဝန်ထမ်းတဦး ထိခိုက်မိခဲ့တယ်လို့ စစ်အစိုးရဖက်က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ လွိုင်ကော်မြို့ပေါ်မှာ ပြန်လာနေထိုင်ကြသူတွေ များလာပြီး ရပ်ကွက် ၊ ကျေးရွာတွေမှာ စစ်အစိုးရက မိုင်းရှင်းလင်းရေးကို လုပ်ဆောင်ထားတယ်လို့ ပြောဆိုပေမယ့် အခုလို နေအိမ်ခြံဝန်းအတွင်း မြေမြှုပ်မိုင်း နင်းမိသူတွေ များပြားနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း မှုံပြာကျေးရွာက အသက် ၅၄ နှစ်အရွယ် အမျိုးသားတဦး ၊ လင်ဖုံလေးကျေးရွာနေ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတဦး ၊ ပန်ကန်းကျေးရွာနေ အသက် ၂၀အရွယ် အမျိုးသမီးတဦး တို့ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ