ကန္တာရဝတီတိုင်း(မ်)
ပြီးခဲ့တဲ့ မေလ ၁လအတွင်း၊ ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်က ဘီလူးချောင်းမှာ ရေနစ်သေဆုံးမှုအပြင် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ ၅ ဦး သေဆုံးခဲ့ကြောင်း ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ လက်လှမ်းမီ စာရင်းအရ သိရပါတယ်။
အဆိုပါ သေဆုံးခဲ့သူ ၅ ဦးဟာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ မေလအတွင်းက ၇ ရက်နေ့ ၊ ၁၀ ရက်နေ့နဲ့ ၁၃ ရက်နေ့ တွေမှာ သေဆုံးခဲ့တာပါ။
ပြီးခဲ့တဲ့ လတွေမှာလည်း ဘီလူးချောင်းအတွင်း ခန္ဓာကိုယ် အစိတ်အပိုင်း၊ တဝက်သာ ကျန်ရှိတဲ့ အလောင်းကိုတွေ့ရှိပြီး မြေမြှုပ်သဂြိုလ်ပေးခဲ့ဖူးကြောင့်ကိုလည်း ရွှေညောင်ပင် လူမှုကူညီရေးအသင်းက လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားချက်အရ သိရပါတယ်။
အခုလို မကြာခဏ အလောင်းတွေ့ရှိမှုနဲ့ ဆက်စပ်ပြီး မြို့ခံ အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။
“တချို့ သေဆုံးမှုက ဖြစ်စဉ်မသိရတော့ အမျိုးမျိုးတွေးမိတယ်။ ဥပမာ သေပြီးမှ တွေ့တဲ့အလောင်းက ရိုးရိုးရေ နစ်တာနဲ့ မတူဘူးပေါ့။ ခေါင်းပြတ်တာက ပြတ်ဆို။ အဲ့တာ ရေထဲ တွေ့တာ ရေထဲ အလောင်းတွေ့တာနဲ့ ရေနစ်တာ တမျိုးတည်းကြောင့်ကော ဖြစ်နိုင်ပါ့မလားပေါ့နော်။ အဲ့လိုတွေတော့ တွေးမိတယ်။”လို့ မြို့ခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
မေလ ၇ ရက်နေ့နဲ့ ၁၃ ရက်နေ့ နှစ်ရက်အတွင်း သေဆုံးခဲ့သူ ၂ဦးလုံးဟာ အမျိုးသားတွေဖြစ်ပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်မသိရပဲ သေဆုံးပြီးသား အလောင်းကိုသာ တွေ့ရှိခဲ့တာပါ။
ကျန် ၃ ဦးရဲ့ သေဆုံးမှုကတော့ မေလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ၃ ဦးလုံးဟာ ဝမ်းကွဲ မောင်နှမတွေ ဖြစ်ကြကာ ရေဆင်းချိုးရာကနေ ရေနစ်သေဆုံးသွားတာဖြစ်ပါတယ်။





