ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲမှာ စစ်ကြောင်းထိုးခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့မတ်လနဲ့ မေလအတွင်းကျေးရွာ သုံးခုရှိ ဒေသခံနေအိမ် အလုံး ၈၀ ကျော်ကို မီးရှို့ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မတ် ၂၈ ရက်နေ့တုန်းက ဖရူဆိုမြို့နယ်၊ ဘူးခူကျေးရွာက
နေအိမ် ၁၆ လုံး ကိုအာဏာသိမ်းတပ် စစ်ကြောင်းကမီးရှို့ဖျက်ဆီးခဲ့ပြီး မေလ ၆ ရက်နေ့မှာတော့ ထားလဲကျေးရွာက နေအိမ် ၆၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပြောပါတယ်။
မေ ၇ ရက်နေ့မှာတော့ ထားလဲကျေးရွာ အပေါ်ဖက်က ပရယ်တော် ကျေးရွာက နေအိမ် ၄ လုံးကိုထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုထားပါတယ်။
လက်ရှိမှာတော့ ဖရူဆို-ဘောလခဲ လမ်းမကြီးတစ်လျှောက်မှာရှိတဲ့ အာဏာသိမ်းတပ် တို့ရဲ့ ခြေကုပ်စခန်းတွေ၊ စစ်ကြောင်းတွေက စစ်ရေးလှုပ်ရှားမှုရှိနေတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။
အာဏာသိမ်းတပ်က ဖရူဆိုမြို့အတွင်း ကျေးရွာတွေမှာ ဒရုန်းကင်းထောက်တာ၊ ဒရုန်းဗုံးကြဲတာတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောဆိုထားပါတယ်။
ဖရူဆိုမြို့နယ် အတွင်းက စစ်ကြောင်းနဲ့ နီးစပ်တဲ့ ကျေးရွာဒေသခံတွေကတော့ နီးစပ်ရာ တောတောင်တွေမှာ တိမ်းရှောင်နေကြရပြီး အမိုးအကာ၊ စားနပ်ရိက္ခာ လိုအပ်မှုရှိနေတယ်လို့လည်း စစ်ရှောင် အရေးကူညီဆောင်ရွက်နေတဲ့ CTER-Karenni အဖွဲ့က ပြောထားပါတယ်။






