ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ စစ်ရှောင်စခန်းတနေရာက စာသင်ကျောင်းမှာ မူကြိုကျောင်းပါ တွဲပြီးဖွင့်လှစ်ပေးဖို့ ကလေးမိဘတွေ တောင်းဆိုထားပြီး စေတနာ့ဝန်ထမ်း(မူကြိုကျောင်းဆရာမ) လိုအပ်နေဆဲဖြစ်တယ်လို့ ကျောင်းတာဝန်ခံဆီကနေ သိရပါတယ်။
“ကလေးမိဘတွေကတော့ ဖွင့်ပေးဖို့ပေါ့နော် ပြောကြတယ်။ ဒါပေမယ့် လောဆယ်ထိတော့ ဆရာမ ရှာမတွေ့သေး၊ မရှိနိုင်သေးတော့ မဖွင့်နိုင်ပေးသေးဘူး။ နှစ်စဥ်လုပ်ဖူးတဲ့ဆရာမတွေလည်း သူတို့အခြေအနေတွေကြောင့်လည်းဖြစ်မှာပေါ့ ပြန်မလုပ်ပေးနိုင်သေးတာ။လုပ်ပေးနိုင်မယ့်သူ မတွေ့သေးတာရယ်။”လို့ ကျောင်းတာဝန်ခံက ဆိုပါတယ်။
အဆိုပါ စစ်ရှောင်စခန်းမှာတော့ အသက် ၅ နှစ်အောက် မူကြိုကလေးအရွယ် (၂၀) ဝန်းကျင်ရှိတာကြောင့် မူကြိုကျောင်းထားရှိပေးဖို့ မိဘတွေက တောင်းဆိုကြတာဖြစ်ပါတယ်။
“ကလေးကို ကျောင်းတက်စေချင်တာပေါ့နော် ကိုယ်တိုင်ထိန်းရတာထက်ပေါ့။ ကျောင်းတက်ရရင်တော့ မိဘအနေနဲ့လည်း အလုပ်တဖက် လုပ်နိုင်သွားမယ်။ ကလေးလည်း အများနဲ့နေတော့ အစစအရာရာ သူတို့အတွက် ပိုကောင်းစေတာပေါ့။” လို့ ကလေးမိဘတစ်ဦးက ဆိုပါတယ်။
အဆိုပါ စစ်ရှောင်စာသင်ကျောင်းမှာ ယခု ပညာသင်နှစ်အတွက် Grade-1 ကနေ Grade – 12 အတန်းထိ ဖွင့်လှစ်ထားပြီး ကျောင်းသား စုစုပေါင်း ၂၀၀ ကျော် တက်ရောက်နေပါတယ်။ တဖက်မှာလည်း မူကြိုကျောင်းနဲ့ KG တန်းကိုပါ ဆက်လက်ဖွင့်လှစ်ဖို့ လူ့အရင်းအမြစ်လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။






