spot_img
Homeသတင်းကရင်နီဒုက္ခသည်စခန်းမှာ ထိုင်းအောက်လွှတ်တော် ကော်မတီဥက္ကဌ ကွင်းဆင်းညှိနှိုင်း

ကရင်နီဒုက္ခသည်စခန်းမှာ ထိုင်းအောက်လွှတ်တော် ကော်မတီဥက္ကဌ ကွင်းဆင်းညှိနှိုင်း

-

ကန္တာရဝတီတိုင်း (မ်)

ဒုက္ခသည်တို့ရဲ့ စီမံခန့်ခွဲမှုကို စောင့်ကြည့်လေ့လာဖို့အတွက် ထိုင်းနိုင်ငံ၊ မယ်‌ဟောင်ဆောင်ခရိုင်၊ ဘန့်မိုင်နန်းဆွိုင်စခန်း (ခေါ် ) ကရင်နီ ဒုက္ခသည်စခန်းအမှတ် (၁) မှာ ထိုင်းအောက်လွှတ်တော် ဥပဒေ၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ရန်စီမန်ရုမ်း က မနေ့က ဇွန် ၂၂ ရက်မှာ သွားရောက်ကွင်းဆင်းခဲ့တယ်လို့ ထိုင်းသတင်းက ဖော်ပြပါတယ်။

ဒုက္ခသည်လူထုတွေ အလုပ်လုပ်ကိုင်ခွင့်လုပ်ငန်းစဥ်နဲ့ ပတ်သက်ပြီး အမြင်ဖလှယ်ဆွေးနွေးညှိနှိုင်းဖို့ မနေ့က မနက်ပိုင်းမှာ စခန်းကော်မတီဝင်တွေနဲ့အတူ ကရင်နီဒုက္ခသည်စခန်းထဲကို လာရောက်ခဲ့တာလို့ ဆိုပါတယ်။

အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းဖို့ ဥပဒေရေးရာအစီအမံများ၊ မူးယစ်ဆေးဝါးပြဿနာများ၊ ကိုယ်ရေးကိုယ်တာအဆင့်အတန်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာပြဿနာတွေကို ဖြေရှင်းခြင်း၊ ဒုက္ခသည်များကို စီမံခန့်ခွဲခြင်းနှင့် ဆက်စပ်တဲ့ ဥပဒေရေးရာအစီအမံတွေ၊ အစိုးရ၏ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်တဲ့ ပြဿနာများ၊ အတားအဆီးနဲ့ အကြံပြုချက်တွေကို စစ်ဆေးဖို့၊ နားထောင်ဖို့ ကွင်းဆင်းမှုပြုလုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။

တွေ့ဆုံမှုမှာ ဒုက္ခသည်လူထုတွေရဲ့ အခြေခံနေထိုင်မှုအခြေအနေ၊ လူ့အခွင့်အရေးနဲ့ ပညာရေးဆိုင်ရာကိစ္စရပ်တွေကို ဒုက္ခသည် ကော်မတီဖက်က တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီတွေ့ဆုံမှုမှာ ဘာတွေပြောခဲ့လဲ၊ ဘယ်လိုဆုံးဖြတ်ချက်တွေရခဲ့လဲဆိုတာကိုတော့ ဒုက္ခသည်
ကော်မတီဝင်တဦးကို ကန္တာရဝတီတိုင်း (မ်) က ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

ဆွေးနွေးမှုအတွင်း ရလာတဲ့ အချက်အလက်တွေကို လူ့အခွင့်အရေးကာကွယ်မယ့် ဥပဒေရေးရာယန္တရားတွေ၊ စီမံခန့်ခွဲမှုနဲ့ အေဂျင်စီတို့အကြား ပေါင်းစပ်ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ဖို့ အကြံပြုချက်ရေးဆွဲရာမှာ အသုံးပြုမှာဖြစ်တယ်လို့လည်း သတင်းကပြောထားပါတယ်။

ဆွေးနွေးညှိနှိုင်းမှုမှာ ပြည်နယ်အစိုးရအရာရှိတွေ၊ မယ်ဟောင်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူး နဲ့ ယာယီခိုလှုံရာတာဝန်ခံ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ တခြားသက်ဆိုင်ရာတွေလည်း ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ