ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းတနေရာကို ဒီကနေ့ ဇွန် ၃၀ ရက်နေ့ နေ့လည် ၁နာရီကျော်အချိန်မှာ စစ်အုပ်စုက လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ခါတိုင်းဆို ဒီတိုင်းကိုဝဲပြီးသွားတယ်ပေါ့နော။ ဒီတစ်ခေါက်လည်း အဲ့လိုပဲလို့ထင်တာ။ မဟုတ်ဘူးပေါ့နော။ ရုတ်တရက် လာပြီးတော့မှ အသံကပိုကျယ်ကျယ်လာတယ်။ သူဆင်းလာတာမျိုးတော့ သူထိုးဆင်းဆင်းလာတာမျိုးထင်တယ်။ အဲ့ဒါ တခါထဲ တဆက်ထဲသူချသွားတာမျိုးပေါ့”လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
စစ်အုပ်စုက လေယာဥ်နဲ့ တကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး ဒေသခံတဦး အနည်းငယ်ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်တလုံး ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
“ အစ်မရဲ့အိမ်ကတော့ ပျက်သွားတယ်ပေါ့နော။ အစ်မအိမ်တည့်တည့်ကို လာထိတာ။ အိမ်အကုန်လုံး ပျက်ကုန်တယ်။ လူတော့ မထိတာပဲ ကံကောင်းသွားတာပေါ့နော”လို့ သူမက ဆိုပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကို ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူနဲ့ စစ်ရှောင်ပြည်သူတွေဟာ စိုးရိမ်နေကြပါတယ်။
ဇွန်လအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ နန်းမယ်ခုံ၊ ဒီမော့ဆိုနဲ့ ဖရူဆိုမြို့နယ် စတဲ့နေရာဒေသတွေကို စစ်အုပ်စုက လေယာဉ်နဲ့ မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။






