ကန္တာရဝတီတိုင်း (မ်)
မေလအတွင်း ကရင်နီစစ်မျက်နှာပြင်မှာ အာဏာသိမ်းတပ်ရဲ့ စစ်ကြောင်းလှုပ်ရှားမှု ပြန်လည်စတင်လာပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဇွန်လမှာ ပိုမြင့်လာတာကို ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့လစဥ်မှတ်တမ်းအရ သိရပါတယ်။
အာဏာသိမ်းတပ်ရဲ့တန်ပြန်ထိုးစစ်တွေက လက်ရှိအချိန်အထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း – ဖယ်ခုံ – မိုးဗြဲ ပြည်ထောင်စုလမ်းမကြီးကနေ တဆင့် ကရင်နီပြည်အလယ်ပိုင်း ဆက်သွယ်ရေးလမ်းမကြီးတလျှောက်မှာ နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးပမ်းနေတာပါ။ မိုင်ပေါင်း ၇၇ မိုင်နီးပါးရှည်တဲ့ မိုးဗြဲ – လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီးမှာလည်း အာဏာသိမ်းတပ်ရဲ့စိုးမိုးအင်အားက သာနေပါတယ်။
ဒါ့ကြောင့် အရင်က သွားလာရေး၊ ကုန်သွယ်ရေးအတွက် အသုံးပြုခဲ့တဲ့ ဒီးမော့ဆို – ဖရူဆို – ဘောလခဲ လမ်းပိုင်းတချို့လည်း ပိတ်ထားရပါတယ်။ တဖက်မှာ လမ်းခရီးအခြေအနေအရ အာဏာသိမ်း ၅ နှစ်ကျော် ကာလအတွင်း မယ်စဲ့ – ဒီးမော့ဆို ကုန်သွယ်ရေးအတွက် လမ်းအသုံးပြုမှုက အခုနှစ်မှာ လမ်းတံတားပျက်စီးမှုအများဆုံး အခြေအနေကို ဒေသခံလူထုတွေ ကြုံတွေ့ရတယ်လို့ ပြောပါတယ်။
“ အရင်ကသုံးလို့ရတဲ့ လမ်းမကြီးတချို့တွေလည်း သုံးလို့မရတော့ အခုဆိုရင် မိုးရာသီလည်း ဖြစ်၊ တောလမ်းလည်းသွားရတော့ လမ်းခရီးအရမ်းကြန့်ကြာတယ်။ အရင်က ၁ ရက် ခရီးက အခု တစ်ပတ်၊ ၁၀ ရက်ခရီးဖြစ်နေပြီ။ အဖက်ဖက်က ခက်ခဲပါတယ်။ အခုတလော ဒရုန်းနဲ့တိုက်ခိုက်တာတွေများလာပြီးတော့ လေကြောင်းတိုက်ခိုက်တာတွေလည်း ပြန်ဖြစ်လာနေတာပေါ့နော” လို့ ဒီးမော့ဆိုမြို့နယ်၊ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မေလမှာ ဖရူဆို၊ ဒီးမော့ဆို၊ ဘောလခဲ ၊ ဖားဆောင်း၊ ဆီဆိုင်၊ ပင်လောင်း ၊ ဖယ်ခုံမြို့နယ်တို့မှာ အာဏာသိမ်းတပ်တို့ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့အတူ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကိုစုစည်းခဲ့ရာ ဖရူဆိုမြို့နယ်က အရပ်သားထိခိုက်မှု ၊ နေအိမ်ပျက်စီးမှု အများဆုံးဖြစ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်းတပ်ရဲ့ ဒရုန်းကင်းထောက်တာတွေ ဆက်တိုက်ရှိလာသလို တောင်ယာခင်းထဲ စိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့ တောင်သူတချို့ ဒရုန်းဗုံးစကြောင့် ထိခိုက်မှုတွေရှိနေပြီး စိုက်ပျိုးရာသီမှာ သီးနှံစိုက်ပျိုးမှုတွေ နှောင့်နှေးနေတယ်လို့လည်း တောင်သူတွေက ပြောပါတယ်။
လက်ရှိမှာတော့ ကရင်နီပြည်တောင်ပိုင်းဒေသက ဘောလခဲ၊ ဖားဆောင်း မြို့နယ်ဖက်မှာတော့ အာဏာသိမ်းတပ်ရဲ့ စစ်ရေးလုပ်ရှားမှုတွေ ထူးထူးခြားခြားမတွေ့ရသေးဘူးလို့လည်း သိရပါတယ်။ ဒါပေမဲ့ အနောက်မြောက်ဒေသဖြစ်တဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံမြို့တို့မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ပြောကြားချက်အရ သိရပါတယ်။
KnHRG မှတ်တမ်းအရ ကရင်နီဒေသမှာ အာဏာသိမ်းတပ်ရဲ့ မေလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ် နဲ့ ဇွန်လမှာ ၁၄ ကြိမ်၊ မေလမှာ လက်နက်ကြီးပစ်ခတ်မှု ၅ ကြိမ်နဲ့ ဇွန်လမှာ ၇ ကြိမ် ၊ မေလမှာ ဒရုန်းနဲ့တိုက်ခိုက်ခြင်း ၃ ကြိမ်နဲ့ ဇွန်လမှာ ၆ ကြိမ် ၊ မေလမှာ အရပ်သားဖမ်းဆီးခြင်း ၃ ကြိမ် နဲ့ ဇွန်လမှာ ၂ ကြိမ်၊ မေလမှာ သေနတ်နဲ့ပတ်ခတ်ခြင်း ၁ကြိမ် နဲ့ အရပ်သား အသတ်ခံရခြင်း ၁ ကြိမ်၊ နေအိမ်မီးရှို့ဖျက်ဆီးမှု ၅ ကြိမ်နဲ့ ဇွန်လမှာ နေအိမ်မီးရှို့ဖျက်ဆီးမှု ၁ ကြိမ်၊ မိုင်းနှင်းမိခြင်း ၁ ကြိမ် တို့ကို အာဏာသိမ်းတပ်က ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မေလမှာ အရပ်သားနှစ်ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာခဲ့သလို ဇွန်လမှာတော့ ကလေးငယ်အပါဝင် ၃ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။






