Homeဆောင်းပါး“ပညာ၏ မျှော်လင့်ချက်များ ရှင်သန်ရာ “ကယားလီဖု သင်ယူလေ့လာရေးဆုံရပ်””

“ပညာ၏ မျှော်လင့်ချက်များ ရှင်သန်ရာ “ကယားလီဖု သင်ယူလေ့လာရေးဆုံရပ်””

-

ကန္တာရဝတီတိုင်း(မ်)

“စာတော်ရဲ့သားနဲ့၊ ထူးချွန်ရဲ့သားနဲ့ ဂယက်ထနေတဲ့ ကျနော်တို့ နာမကျန်းဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေကြောင့် စိတ်တည်ငြိမ်မှု မရှိဘူး။ ဒီပညာရေးကို သူတို့ဘာမှ ပေးချင်စိတ် မရှိလောက်အောင်ဖြစ်သွားတဲ့ ကျောင်းသားလူငယ်လေးတွေ ရှိတယ်”

အဲဒီစကားဟာ ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက လူသူကင်းမဲ့ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတစ်နေရာမှာ ပညာရေးကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ အညတရကျောင်းဆရာ ဦးကြားရဲ့ ရင်ဖွင့်သံ ဖြစ်ပါတယ်။

ဦးကြား ဟာ စစ်တပ် အာဏာမသိမ်းယူခင် အချိန်မှာကတည်းက သူတတ်မြောက်ထားတဲ့ ခေတ်မှီနည်းပညာတွေနဲ့ မျိုးဆက်သစ်လူငယ်တွေကို မြေတောင်မြောက်ပေးခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

အာဏာမက်တဲ့ လူတစုကြောင့် မျိုးဆက်သစ် လူငယ်တွေ ၊ လူ့အရင်းအမြစ်တွေကို ရိုက်ခတ်လာတဲ့ အခါမှာ ဦးကြား တယောက် လက်ပိုက်ကြည့်မနေခဲ့ပါဘူး။

တောတွင်းတနေရာလေးမှာ နောက်တချိန် ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုး အနာဂတ် ထွန်းလင်းတောက်ပ လာစေဖို့အတွက် “ကယားလီဖု သင်ယူလေ့လာရေးဆုံရပ်” နဲ့ အတူ ပညာရေး လူ့အရင်းအမြစ်တွေကို မွေးထုတ်ပေးနေခဲ့တာ ၃ နှစ်ကျော်ထဲကို ဝင်ရောက်လာခဲ့ပါပြီ။

အိမ်မက်တွေ၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေတဲ့ လူငယ်လေးတွေအတွက် “ကယားလီဖု သင်ယူလေ့လာရေးဆုံရပ်” ဟာ မျှော်လင့်ချက်များ ပြန်လည်ရှင်သန်ရာ နေရာလေးတနေရာ ဖြစ်လာခဲ့ပါတယ်။

“ဖရူဆိုလို့ပဲ ပြောပြော ရှမ်းတောင်လို့ပဲ ပြောပြော လွိုင်ကော်က စစ်ရှောင်လာတဲ့လူတွေလို့ပဲ ပြောပြော သူတို့တချို့က မိဘတွေ ပါမလာဘူး။ ကျောင်းသားတွေပဲ လာတယ်။ ကျောင်းစာကို အမှန်တကယ် စိတ်ဝင်စားပြီးတော့မှ လာတက်ချင်တယ်။ အဲ့ဒီပုဂ္ဂိုလ်တွေအတွက် ကျနော်တို့ ရည်ရွယ်ပြီး‌တော့မှ ကျနော်တို့ လုပ်ထားပေးတာ ဖြစ်တယ်”

“ကယားလီဖု သင်ယူလေ့လာရေးဆုံရပ်” ဖွင့်လှစ်ပေးထားရတဲ့ ရည်ရွယ်ချက်ကို တာဝန်ခံ ဦးကြား က အခုလိုပဲ ရှင်းပြနေခဲ့တာပါ။

“ကယားလီဖု သင်ယူလေ့လာရေးဆုံရပ်” ဟာ ဘော်ဒါဆောင် တခုတည်းမဟုတ်ပဲ အထက်တန်းကျောင်းနဲ့ တွဲလျက် ဖွင့်လှစ်ထားပါတယ်။ တနှစ်ကို ရာနဲ့ချီပြီး နှစ်စဉ် ကျောင်းသား/သူတွေကို လက်ခံသင်ကြားပေးနေတာ ၃ နှစ်ကျော် ကာလထဲကို ရောက်ရှိလို့လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ စာသင်နှစ်မှာ လူဦးရေ ၁၀၀ ဝန်းကျင်သာ ရှိပြီး ဒီကနှစ် ပညာသင်နှစ်မှာတော့ စုစု ပေါင်း ၁၂၀ ကျော်အထိ တိုးလာတာပါ။

စာသင်ကျောင်းတိုင်းနီးပါး ဆရာ/မ အရင်းအမြစ် ရှားပါးမှုကြောင့် နဲ့ ဝမ်းရေးအတွက် စိန်ခေါ်မှု အခက်ခဲတွေကြောင့် အထက်တန်းကျောင်းတချို့ဟာ ဖွင့်လှစ်နိုင်ခြင်း မရှိတော့ပဲ ကျောင်းသူ/သားတွေ ဟာ ဦးကြားတို့ “ကယားလီဖု သင်ယူလေ့လာရေးဆုံရပ်” ဆီကို ရောက်ရှိလာကြတာပါ။

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာတော့ အထက်တန်းကျောင်းပေါင်း ၉ ကျောင်း ရှိပေမယ့် အများစုမှာ ၁၀ တန်း ထိသာဖွင့်လှစ်ထားနိုင်ပြီး ၁၂ တန်း အထိ ဖွင့်လှစ်ထားနိုင်တဲ့ ကျောင်းဆိုတာက ကယားလီဖု လူငယ်အဖွဲ့အစည်းက ဦးဆောင်ဖွင့်လှစ်ပေးထားတဲ့ “ကယားလီဖု သင်ယူလေ့လာရေးဆုံရပ်” အပြင် တခြားသော အထက်တန်းကျောင်းတွေ ရှိမနေနိုင်သေးပါဘူး။

ဦးကြား ကနေ တာဝန်ခံပြီးလူ့အရင်းအမြစ်တွေကို ကြိုးစားမွေးထုတ်ပေးနေတဲ့
“ကယားလီဖု သင်ယူလေ့လာရေးဆုံရပ်” ဟာ ပညာရေးကို လိုလားပြီး အဝေးတနေရာကနေ လာရောက် ပညာသင်ကြားလို သူတွေ၊ ဝေးလံပြီး သွားလာဖို့ လမ်းခရီး ခက်ခဲကြမ်းတမ်းလှတဲ့ သူတွေအတွက် အခုလို ကျောင်းအိပ်၊ ကျောင်းစား ဘော်ဒါဆောင်ဟာ သူတို့အတွက် ပညာရှာဖို့ အခွင့်အလမ်းကောင်း တခုလို့ ဆိုနိုင်ပါတယ်။

အခြေအနေ အမျိုးမျိုးကြောင့် အဘက်ဘက်က မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေ ၊ သင်ကြားရေး တာဝန်ယူပေးနေရတဲ့ စေတနာမြတ်ဆရာတွေရဲ့ ဝမ်းရေးအတွက် ကျောင်းသား/သူ တဦးကို အနည်းအကျဉ်းသာ တောင်းဆိုထားတာတွေပဲ ရှိနေတာပါ။

တနှစ်ကို လူဦးရေ ရာနဲ့ ချီပြီး နှစ်စဉ် ကျောင်းသား/သူတွေကို လက်ခံသင်ကြားပေးနေတာ ၃ နှစ်ကျော် ကာလ ထဲကို ရောက်ရှိလို့လာခဲ့ပါပြီ။ ၃ နှစ်ကျော် ကာလအတွင်း ဦးကြားတို့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေဟာ မနည်းလှပါဘူး။ ကျောင်းသူ/ကျောင်းသားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေက နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲတစ်ခုပါ။ ဒါ့အပြင် ဖတ်စာအုပ်ဟာ ဒုတိယ အခက်အခဲ ဖြစ်ပြီး အထက်တန်းစာကို သင်ကြားပေးနိုင်မယ့် ဆရာ/မ လိုအပ်ချက်က ဦးကြားတို့အတွက် ပထမ အခက်အခဲ လို့ ဆိုနိုင်ပါတယ်။

“ကျနော်တို့ ဝန်ထမ်းတွေ တအားနဲ့ခက်ခဲတယ်။ အထူးသဖြင့် ဒီကျောင်းမှာ အထက်တန်းကျောင်း ကျနော်တို့ ပြုလုပ်နေခါကျတော့ အထက်တန်းပြ သင်ကြားပေးနိုင်မယ့် ဆရာ/မ တွေက တော်တော်လေးခက်ခဲတဲ့ အနေအထားမှာ ရှိတယ်” လို့ ဦးကြားက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း “ကယားလီဖု သင်ယူလေ့လာရေးဆုံရပ်” ကနေ မွေးထုတ်ပေးလိုက်နိုင်တဲ့ ကျောင်းသား/သူ များထဲက ကျောင်းသား/သူ ၁၀ ယောက် ကျော်လောက်မှာ အဆင့်မြင့်ပညာရေး ကျောင်းတွေကို ဆက်လက်ပြီး လျှောက်လှမ်းနေကြပြီ ဖြစ်ပါတယ်။ ဒါတွေဟာ ကိုယ့်ပြည်နယ် ၊ ကိုယ့်လူမျိုးတွေအတွက် အကောင်းတကာ့ အကောင်းဆုံး လူ့အရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။

အထက်တန်းလွန်သွားလို့ နောက်ထပ် ပညာရေးခရီးလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့အတွက် အဆင့်မြင့်ကျောင်းတွေလည်း လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ မဖွင့်လှစ်ထားနိုင်သေးပါဘူး။

“ကျနော်တို့ လမ်းမကြီးအရှေ့ခြမ်း၊ လွိုင်ကော်အရှေ့ခြမ်းလို့ ကျနော်တို့ခေါ်တဲ့ ဒေသမှာပေါ့နော။ ကျနော်တို့ အဆင့်မြင့်ကျောင်းလို့ ပြောရင်တော့ တစ်ကျောင်းမှ မရှိသေးပါဘူး။ ဒီနေ့ထိပါပဲ။ ဆိုတော့ ဒီကရင်နီပြည်မှာမှ ကျန်တဲ့ဒေသမှာ ကြည့်မယ်ဆိုရင်တော့ အများကြီးပေါ့နော။ ဒီကာလတိုဖြစ်စေ နှစ်ချီကြာတဲ့ စနစ်တွေ၊ ကျောင်းတွေဖြစ်စေ အများကြီးပဲပေါ့နော။ လွိုင်ကော် အရှေ့ဖက်ခြမ်းမှာ ကျတော့ မရှိဘူးပေါ့နော” လို့ ဦးကြား က ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ ကျောင်းနေပြီး ပညာသင်ရမယ့်အရွယ်တွေ အများစုက စိတ်လေလွှင့်ပြီး ပညာရေးလမ်းကြောင်းနဲ့ လွဲချော်သွားခဲ့သူတွေ များစွာရှိနေတာပါ။

“ကယားလီဖု သင်ယူလေ့လာရေးဆုံရပ်” ဖွင့်လှစ်ပြီးနောက်ပိုင်း အဆိုပါ ကျောင်းနေအရွယ် လူငယ်လေးတွေကို ပညာရေးလမ်းကြောင်းပေါ် ပြန်လည်တည့်မတ်ပေးနိုင်ခဲ့တာ ရှိသလို ကျောင်းထွက်နှုန်းတွေကလည်း လျှော့နည်းလာတာကို တွေ့နေရတယ်လို့လည်း ဦးကြား က ဆိုထားပါတယ်။

ကျောင်းသားလူငယ်တွေ ပညာဆက်လက်သင်ယူနိုင်ဖို့အတွက် လူမှုအသိုင်းအဝန်းက ပိုမိုတွန်းအားပေးဖို့ လိုအပ်သလို အခုလို အလှူရှင်ကိုမှီခိုနေရဆဲ တော်လှန်ရေးကာလမှာ ကူညီပံ့ပိုးမှုတွေ ရပ်တန့်မသွားဖို့ လိုအပ်တဲ့အပြင် မိဘတွေအနေနဲ့လည်း ပညာရေးကဏ္ဍကို ဦးစားပေး ထည့်သွင်းနေဖို့ လိုအပ်ပါတယ်။

ဒီအခြေအနေတွေလောက်နဲ့ ရပ်တန့်မနေပဲ ပိုမိုကောင်းမွန်ပြီး တိုးတက်နေတဲ့ ပညာရေးစနစ်ကို ဆက်လက်ရပ်တည်နိုင်ဖို့ အားလုံးရဲ့ လက်ထဲမှာရှိပြီး အကူအညီတွေ လိုအပ်နေကြောင်းကို သူက အခုလို ပြောဆိုသွားပါတယ်။

“အခက်အခဲတော့ အစုံရှိတယ်။ အဲ့ဒါကို ကျနော်တို့မိဘကော ကျနော်တို့ လူထုပေါ့နော ပြီးတော့အလှူရှင်တွေကော ကျနော်တို့ကို ဆက်ကူမှပဲ ဖြစ်မယ့်အနေအထားမှာ ရှိတယ်။ ဒီကျောင်းတွေအားလုံးကတော့ အခက်အခဲ ကိုယ်စီရှိတယ်။ ကျနော်တို့ကျောင်းပဲ မဟုတ်ဘူး။ ကျန်တဲ့ကျောင်းတွေမှာလည်း ကူကြဖို့ မေတ္တာရပ်ခံတယ်။ ကူမှပဲ ဒီကျောင်းသားလူငယ်တွေ၊ မျိုးဆက်သစ်လေးတွေက ဒီပညာ ဒီလောက်နဲ့ပဲ အဆိပ်မသင့်ကြဖို့ လိုအပ်တယ်။ ကျနော်တို့ ချောချောချူချူနဲ့ ဆက်သွားနိုင်မှာဖြစ်တယ်။ အဲ့ဒါမှပဲ ကျနော်တို့ လာမယ့်အလှည့်မှာ တိုင်းပြည်ရေး၊ ပြည်နယ်ရေးမှာ ဒီထက်ပြောင်မြောက်မှာ၊ ဒီထက်တိုးတက်မှာ ဖြစ်တယ်”

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ