spot_img
17.8 C
Loikaw
Saturday 13, December 2025
spot_img
Homeအတွေးအမြင်ခေါင်းဆောင်မှုပုံစံ

ခေါင်းဆောင်မှုပုံစံ

-

ခွန်းခူ ရေးသားသည်။

အိမ်တစ်အိမ်တွင် ဦးဆောင်ဦးရွက်သူ အိမ်ထောင်ဦးစီးရှိသကဲ့သို့ အဖွဲ့အစည်းတိုင်းတွင် ခေါင်းဆောင် ရှိကြရသည်။

ဒေသတွင်း၊ နိုင်ငံအတွင်း၊ ကမ္ဘာလုံးဆိုင်ရာ ခေါင်း ဆောင်ရှိကြရသည်။
အဖွဲ့အစည်းတစ်ခု၏ ရည်မှန်းချက်ပန်းတိုင်သို့ အရာက်ချီတက်ရန်မှာ ခေါင်းဆောင်တစ်ဦး၏ အခန်းကဏ္ဍာမှာ အလွန်အရေးပါလှသည်။

မှန်ကန်သော ခေါင်းဆောင်မှုကသာ အဖွဲ့အစည်းတစ်ခုအား အောင်မြင်ရာလမ်းသို့ခေါ်ဆောင်နိုင်မည် ဖြစ်ပါသည်။ မှန်ကန်သောခေါင်းဆောင်မှုကို ဘယ်လိုအချက်တွေဖြင့် တိုင်းတာနိုင်မည်နည်း။ မှန်ကန်သောခေါင်းဆောင်မှုအား ခေါင်းဆောင်မှုပုံစံ (၃) မျိုးဖြင့် တိုင်းတာနိုင်သည်။

ခေါင်းဆောင်မှုပုံစံ (၃) မျိုးရှိကြောင်း (Burns, 1991)က ဆိုထားပါသည်။ (၁) ပြောင်းလဲခြင်းဆိုင်ရာခေါင်းဆောင်မှုပုံစံ (transformational leadership style)၊ လုပ်ငန်းဆိုင်ရာခေါင်းဆောင်မှုပုံစံ (Transactional leadership style)၊ နှင့် ထိန်းချုပ်မဲ့ခေါင်းဆောင်မှု (Laissez-faire leadership style) တို့ဖြစ်သည်။

ပြောင်းလဲခြင်းဆိုင်ရာခေါင်းဆောင်မှုပုံစံ (Transformational Leadership Style)
ပြောင်းလဲခြင်းဆိုင်ရာခေါင်းဆောင်မှုပုံစံသည် ပြောင်းလဲခြင်းဟူသည့်အတိုင်း အရင်း အမြှစ်များအား စွမ်းအင်အဖြစ်သို့ပြောင်းလဲပေးခြင်း ဖြစ်သည်။

၎င်းခေါင်းဆောင်မှုပုံစံသည် လူမှုဆက်ဆံရေးကိုအခြေခံသော ပုံစံဖြစ်သည်။ ပြောင်းလဲခြင်းဆိုင်ရာ ခေါင်းဆောင်မှုပုံစံသည် သူတို့ရဲ့ သြဇာတိက္ကမနှင့် လူမှုရေးဆက်ဆံရေးဖြင့် သူတို့ရဲ့လက်အောက်ငယ်သားများအပေါ် လွမ်းမိုးမှုရှိသူ။ သြဇာတိက္ကမကိုအသုံးချပြီး အလုပ်ပြီးမြှောက်အောငင် ဆောင်ရွက်သော ခေါင်းဆောင်မှုပုံစံဖြစ်သည်။

ပြောင်းလဲခြင်းဆိုင်ရာခေါင်းဆောင်မှုပုံစံတွင် (၁) စံပြုခြင်း (Idealized influence)၊ (၂) စေ့ဆော်ခြင်း (inspirational motivation)၊ (၃) ဉာဏ်ပညာဖြင့် နှိုးဆွခြင်း (Intellectual Stimulation)၊ (၄) ပုဂ္ဂိုလ်ရေးကိုဂရုစိုက်ခြင်း (Individual Consideration) လက္ခဏာများအားတွေ့ရှိရပါသည်။ အောက်ပါပုံအား ရှုခြင်းဖြင့် ပိုမိုရှင်းလင်းမည်ဖြစ်သည်။

(၁) စံပြုခြင်း (Idealized influence) – စံပြပုဂ္ဂိုလ်အဖြစ်နေထိုင်သူ၊ ရည်မှန်းချက်ပန်းတိုင်၊ ယုံကြည်ချက်၊ တန်ဖိုးများ အပေါ် ဗဟိုပြုပြီး သြဇာတိက္ကမအားအသုံးချပြီးလုပ်ငန်း အောင်မြင် အောင်ဆောင်ရွက်ခြင်းဖြစ်သည်။
(၂) စေ့ဆော်နိုင်ခြင်း (inspirational motivation) – အလုပ်ခွင်တွင် အဓိပ္ပါယ်ရှိအောင်ဖန်တီးပေးခြင်း၊ စိန်ခေါ်မှုများအား ဖန်တီးပေးခြင်းတို့ပါဝင်သည်။
(၃) ဉာဏ်ပညာဖြင့် နှိုးဆွခြင်း (Intellectual Stimulation) – တတ်သိပညာများဖြင့် လက်အောက်ငယ်သားများအား ဦးဆောင်ခြင်း၊ လှုံ့ဆော်ပေးခြင်းတို့ပါဝင်သည်။
(၄) ပုဂ္ဂိုလ်ရေးကိုဂရုစိုက်ချခြင်း (Individual Consideration) – မိမိလက် အောက်ငယ်သားများအား အဖွဲ့အစည်း၏ အစိတ်အပိုင်းဖြင့်မရှုမြင်ဘဲ လူသား တစ်ဦးအဖြစ်ဆက်ဆံခြင်း၊ မိမိလက်အောက်ငယ်သားများ တစ်ဦးချင်း၏ လိုအပ်ချက်များ၊ အရည်အချင်းများအား ဂရုစိုက်ခြင်း တို့ဖြစ်သည်။

လုပ်ငန်းဆိုင်ရာခေါင်းဆောင်မှုပုံစံ (Transactional Leadership Style)
လုပ်ငန်းဆိုင်ရာခေါင်းဆောင်မှုသည် အလုပ်အပေါ်အခြေခံသောခေါင်းဆောင်မှုပုံစံဖြစ်သည်။ ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးသောခေါင်းဆောင်မှုပုံစံဖြစ်သည်။ ၎င်းခေါင်းဆောင်မှုပုံစံမှာ လက္ခာဏာ (၂) ရပ်တွေ့ရသည်။ (၁ ဆုပေးစနစ်ကျင့်သုံးခြင်း (Contingent Reward) နှင့် အမှားမရှိအောင်ကွပ်ကဲခြင်း (management-by-exception) တို့ဖြစ်သည်။ အောက်ပါပုံအား ရှုခြင်းဖြင့် ပိုမိုရှင်းလင်းမည်ဖြစ်သည်။

(၁) ဆုပေးစနစ်ကျင့်သုံးခြင်း (Contingent reward) – လက်အောက်ငယ်သားများ၏ စွမ်းဆောင်နိုင်စွမ်းအတွက်ဆုပေးရာတွင် ဆုငွေ စသည်ကိုယ်ထည်ပြနိုင်သောအရာများအပြင် အားလပ်ရက်ရှည်ခံစားခွင့်ပေးခြင်း စသော ကိုယ်ထည်မပြနိုင်သော ဆုလာဒ်များလည်း ပါဝင်ပါသည်။

(၂) အမှားမရှိအောင်ကွပ်ကဲခြင်း (management-by-exception) – အမှားမရှိ အောင်ကွပ်ကဲရာတွင် အစကောင်းမှအနှောင်းသေချာအောင် လုပ်ငန်းစတင်ချိန်တွင် အမှားမရှိအောင် ကွပ်ကဲခြင်းမျိုးပုံစံနှင့် လက်အောက်ငယ်သားအား လွတ်လပ်စွာ လုပ်ငန်း ဆောင်ရွက်ခွင့် ပေးပြီး အမှားတွေ့ရှိမှသာ ဝင်ရောက်စွက်ဖက်သော ခေါင်းဆောင်မှုပုံစံဖြစ်သည်။

ထိန်းချုပ်မဲ့ခေါင်းဆောင်မှုပုံစံ (Laissez-faire leadership style)
ထိန်းချုပ်မဲ့ခေါင်းဆောင်မှုပုံစံ (Laissez-faire leadership style) သည် လက်အောက်ငယ်သားများအား လုပ်ပိုင်ခွင့်အပြည့်အဝပေးသော ခေါင်းဆောင်မှုပုံစံဖြစ်သည်။ ပြဿနာတစ်ရပ်အား ဝင်ရောက်ဖြေရှင်းခြင်၊ တာဝန်ယူတာဝန်ခံခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း ဆောင်ရွက်ခြင်းမရှိသော ခေါင်းဆောင်မှုပုံစံဖြစ်သည်။

စာရေးသူကြုံတွေ့ရသော ခေါင်းဆောင် (သို့) အရာရှိများသည် ခေါင်းဆောင်မှုပုံစံ(၃) မျိုးလုံးအား ကျင့်သုံးသည်ကို လေ့လာတွေ့ရပါသည်။ အချို့မှာ ပထမခေါင်းဆောင်မှုမျိုးကို အားသာပြီး အချို့မှ ဒုတိယခေါင်းဆောင်မှုမျိုးကို ဦးစားပေးကြောင်းတွေ့ရပါသည်။ တတိယခေါင်းဆောင်မှုပုံစံအားလည်း ရံဖန်ရံခါအသုံးချတတ်ကြသည်။

ကယားပြည်နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ ခေါင်းဆောင်မှုပုံစံအား စာရေးသူကိုယ်တိုင် စာတမ်းပြုစု လေ့လာချက်အရ ပထမခေါင်းဆောင်မှုပုံစံအား ပိုမိုအားသန်ကြကြောင်း တွေ့ရပါသည်။ စာရေးသူသည်လည်း မြို့အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ခဲ့ဖူးသဖြင့် မိမိခေါင်းဆောင်မှု ပုံစံအား သုံးသပ်မိရာ ဒုတိယခေါင်းဆောင်မှုပုံစံအား ပိုအားသန်ခဲ့ကြောင်း သုံးသပ်မိပါသည်။

ခေါင်းဆောင်မှုပုံစံ (၃)မျိုး၏ လက်အောက်ငယ်သား၏စွမ်းဆောင်ရည် အပေါ်အကျိုး သက်ရောက်မှုမှာ မတူညီကြပေ။ အချို့လက်အောက်ငယ်သားသည် ပထမခေါင်းဆောင်မှု ပုံစံအောက်တွင် စွမ်းဆောင်ရည်မြင့်မားပြီး အချို့မှာ ဒုတိယခေါင်းဆောင်မှုပုံစံအောက်တွင် စွမ်းဆောင်ရည်ပိုတက်သည်။ အချို့မှာ တတိယ ခေါင်းဆောင်မှုပုံစံတွင် စွမ်းဆောင်ရည် တက်လာတတ်သည်။ လုပ်ငန်းဆောင်တာ အောင်မြင်ဖို့ရာ ကာလနေရာဒေသအလိုက် သင့်တော်သော ခေါင်းဆောင်မှုပုံစံ ကျင့်သုံးရန်လိုအပ်ကြောင်း ရေးသားလိုက်ပါသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ