spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

ကလေးပညာရေးအတွက် ကြိုးစားပေးနေတဲ့ မိခင်စမူသွက်

ကန္တာရဝတီတိုင်း(မ်)

အလုပ်နားရက်မှာအသက် (၄၄)နှစ်အရွယ် စမူသွက်တစ်ယောက် သူ့ကလေးတွေနဲ့ အခြားစစ်ရှောင်ကလေးတွေ ကစားနေတာကို မိုးကာတဲအပြင်က ကြည့်ပြီး ကြည်နူးနေပါတယ်။ စမူသွက်ဟာ သူ့မိသားစုနဲ့အတူ ဖယ်ခုံအရှေ့ဖက်ကမ်းကနေ အလယ်ကယန်းဒေသဖက်ကို စစ်ရှောင်လာတာ ခုဆိုရင် ၇ လလောက်ရှိပြီလို့ ဆိုပါတယ်။

စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်တွေမှာဆိုရင် စစ်ရှောင်ကလေးငယ်တွေစုပြီး သူတို့တဲဘေးက မြေကွက်လပ်နေရာမှာ ကစားလေ့ရှိကြပါတယ်။

စမူသွက်ဟာ အလုပ်ရှိတဲ့ နေ့တွေမှာဆို ပုံမှန် မနက် ၇ နာရီလောက်ကတည်းက အလုပ်ရှိတဲ့နေရာကို အရောက်သွားပါတယ်။ ရွာခံတစ်ယောက်က အုတ်ရိုက်ဖို့ခေါ်ထားလို့ လတ်တလော အဲဒီအလုပ်ကို သူလုပ်ကိုင်နေပါတယ်။

စမူသွက်က “သူများအုတ်ရိုက်တာ ရှိရင်တော့ အဒေါ်အမြဲတမ်းရိုက်ချင်တယ်။ ပုံမှန်ဖြစ်ဖြစ်ပေါ့နော်။ သူများခေါ် ရိုက်ရင်တော့ အမြဲတမ်းရိုက်ချင်တယ်။ အဲ့တစ်ခုပေါ့။ တောင်ပေါ်တက်ရင်လည်း သူများခေါ်တာရှိရင်တော့၊ အမြဲတမ်းမရှိဘူးလေ။ သူများခေါ်တဲ့အချိန်ဆို သွားတော့သွားချင်တယ်။ ဒါပေမယ့် အမြဲတမ်းလုပ်ချင်တယ်။ အမြဲတမ်းတွေးတာက သူများအုတ်ရိုက်တာခေါ်ရင်တော့ အဒေါ်က အမြဲတမ်းလုပ်ချင်တယ်။”လို့ ဆိုပါတယ်။

အလုပ်အကိုင်တွေကလည်း ရှားပါးတဲ့အတွက် ဒေသခံတွေက အလုပ်ခေါ်တဲ့အခါကျမှသာ စမူသွက်တို့လို စစ်ရှောင်တွေက အလုပ်ရကြတာပါ။ အုတ်ရိုက်တာ တလုံးကို ၁၅ကျပ်ရပြီး တစ်ရက်ကို ၂၀၀ ကျော်ရိုက်တဲ့အတွက် ၃ထောင်ဝန်းကျင် လုပ်အားခရရှိတယ်လို့ ဆိုပါတယ်။

သူတို့မိသားစုဟာ ရွာခံခြံပိုင်ရှင်တစ်ယောက်ကို အကူအညီတောင်းပြီး အဲဒီခြံထဲမှာပဲ တဲထိုးနေထိုင်ကြပါတယ်။ သား၊သမီးခြောက်ယောက်ရှိပေမယ့် သားအကြီးတစ်ယောက်ကတော့ တိုက်ပွဲမကြာခဏဖြစ်ပွားတဲ့ ဖယ်ခုံအရှေ့ဖက်ကမ်းက ရွာမှာ အိမ်စောင့်အဖြစ်ကျန်ခဲ့တာကြောင့် စမူသွက်နဲ့ သူ့အမျိုးသားရယ်၊ သားသမီးငါးယောက်နဲ့ပဲ ထွက်လာနိုင်ကြပါတယ်။

ဖယ်ခုံမြို့နယ်မှာလည်း တိုက်ပွဲမကြာခဏဖြစ်ပွားနေတာကြောင့် လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ ရွာမှာကျန်ခဲ့တဲ့ သူမသားနဲ့တော့ အဆက်သွယ်ရရှိပေမယ့် စားဖို့သောက်ဖို့စိတ်ပူနေရတယ်လို့ ဆိုပါတယ်။

“ခုရွာမှာ ကျန်ခဲ့တဲ့အိမ်ဆို ကောင်းသေးတယ်ပြောတယ်လေ။ အိမ်တော့ ရှိတော့ရှိသေးတယ်။ သားတစ် ယောက်ကျန်သေးတယ်။ နောက်သူ ဘယ်လိုလုပ်၊ ဘယ်လိုဖြစ်လဲ၊ အစားအစာရှိလား၊မရှိလား အဲ့မျိုးဆို တွေးရတယ်လေ။”

စမူသွက်က ငါးတန်း၊ လေးတန်း၊ နှစ်တန်းနဲ့ တစ်တန်းတက်နေကြတဲ့ ကလေး လေးယောက်ရှိတာကြောင့် သူတို့အတွက် ကျောင်းစရိတ်ကို အလုပ်ရှာပြီး ကြိုးပမ်းပေးနေပါတယ်။ မယ်မယ်ရရအလုပ်ဆိုတာလည်းမရှိတာကြောင့် ကလေးတွေ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ချွေတာပြီး သုံးစွဲပေးနေရတယ်လို့ ဆိုပါတယ်။

ကလေးတွေကို ပညာတတ်ဖြစ်စေချင်တာကြောင့် စစ်ရှောင်နေပေမယ့် ဝင်ငွေရမယ့် အလုပ်တွေကို ရှာဖွေပြီး ကျောင်းထားပေးနေရပါတယ်။

“အဒေါ်ကလေးဆို ပညာအကောင်းဆုံး အဲ့မျိုးဖြစ်စေချင်တယ်။ ကျောင်းဆက်ထားချင်တယ်။ သား၊သမီး ကျောင်းတက်ဖို့၊ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းထိ သူတို့ ကျောင်းတက်နိုင်ရင်တော့ အဒေါ်ထားချင်တယ်လေ။ သူများကောင်းစားသလို အဒေါ်ကောင်းစားစေချင်တယ်။”

စမူသွက်အမျိုးသားဟာ ယခင်က ရွာမှာ ပန်းရံလုပ်ကိုင်တာပါ။ စစ်ရှောင်ကာလမှာလည်း အလုပ်မရှိတာကြောင့် သူတို့တဲအိမ်မှာ အိမ်စောင့်အဖြစ် ကျန်နေရစ်တဲ့ အချိန်တွေများတယ်လို့ ဆိုပါတယ်။

ဇနီးမောင်နှံနှစ်ယောက်စလုံး အလုပ်ရှိရင်တော့ မီးဖိုချောင်အသုံးစရိတ်နဲ့ ကလေးကျောင်းအသုံး စရိတ်အတွက် ပိုအဆင်ပြေမယ်လို့ မျှော်လင့်နေကြပါတယ်။ စမူသွက်ဟာ အလုပ်ရှိတဲ့နေ့တွေဆို အလုပ်သွားဝင်ငွေရှာပြီး အားလပ်တဲ့နေ့တွေမှာ သူ့တဲအိမ်မှာပဲ နေထိုင်ပြီး မိသားစုကို အချိန်ပေးပါတယ်။

စစ်ပွဲတွေကြားက ပြေးလာရတဲ့သူမရဲ့ကလေးတွေက အစပိုင်းမှာ ကြောက်လန့်နေကြပေမယ့် ခုတော့ ကျောင်းတက်နေရပြီဖြစ်တာကြောင့် ပျော်လာကြပြီလို့ မိခင်ဖြစ်သူက ဆိုပါတယ်။

“သူတို့ကျောင်းတက်ရတယ်။ သူတို့ ပျော်လာတယ်လေ။ ပျော်တော့ပျော်လာတယ်။ ဘာဖြစ်လဲဆို ရွာမှာနေဆို သေနတ်သံကြားရရင်တော့ ကလေးလည်း သူလန့်သွားလို့ သူကြောက်အဲ့မျိုးရှိတယ်။ နောက် သူဒီမှာလာ ကျောင်းတက်ရတယ်။ ကျန်းမာရေးလည်း ပိုရှိလာတာပေါ့နော်။”

စမူသွက်တို့ စစ်ရှောင်မိသားစုဟာ အလှူရှင်တွေက ထောက်ပံ့တဲ့ ရိက္ခာတချို့ရတာကြောင့်လည်း သူ့ကလေးပညာရေးအတွက် ပိုပြီးစဉ်းစားပေးနိုင်တာပါ။ နောက်ပြီး မိသားစုသုံးဖို့ ရေလှောင်ကန်တခုဆောက်ချင်ပေမယ့် ကလေးပညာရေးအတွက်ပဲ ဦးစားပေးဖြစ်တယ်လို့ သူမကဆိုပါတယ်။

“ကလေးကျောင်းဆက်ထားချင်တယ်လေ။ ကျောင်းဆက်ထားချင်တယ်နောက် အဒေါ်တတ်နိုင်သလောက် ကလေးအတွက် အဒေါ်လုပ်ပေးချင်တယ်။”လို့ သူမကပြောပါတယ်။

spot_img
spot_img