spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“ကျေးလက်နေ အမျိုးသမီးများရဲ့ တိုးတိတ်ရှိုက်သံများ”

Author

Date

Category

စိုးထိုက်အောင်

ဖရူဆိုမြို့နယ်ရဲ့ အနောက်ဘက်ခြမ်း ဒိုမိုဆောကျေးရွာအုပ်စု ခါးဘယ်ကျေးရွာဟာဆိုရင် ဖရူဆိုမြို့ကနေ ၃ နာရီကျော်ကျော်လောက် ကားစီးသွားရပါတယ်။ ဖရူဆိုကနေ ဟိုယာအထိလမ်းကောင်းပြီး ဟိုယာကနေ ခါးဘယ်အထိကတော့ လမ်းကြမ်းပါတယ်။

ခါးဘယ်ကျေးရွာကတော့ တောင်ကြားထဲမှာရှိပြီး အိမ်ခြေ ၈၀ခန့်ရှိပါတယ်။ အားလုံးက ကယောလူမျိုးစုတွေ နေထိုင်ကြတဲ့ ရွာလေးဖြစ်ပါတယ်။ ရွာသူရွာသားများတွေက အဓိက အားဖြင့်တောင်ယာ စပါးစိုက်ပျိုးခြင်းကိုသာ လုပ်ကိုင်ကြပါတယ်။ တပိုင်တနိုင်အနေနဲ့ ကျွဲ ၊ နွား၊ဝက်တွေကို အိမ်တိုင်းနီးပါး မွေးမြူထားကြပါတယ်။

အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေးအတွက် အသိပညာပေးဟောပြောပွဲမြင်ကွင်းတခု

ရွာမှာ ခြေခံပညာအလယ်တန်းကျောင်းတစ်ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနတို့ရုံးလည်းရှိနေပြီဖြစ်ပါတယ်။ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အထိမ်းအမှတ်အနေနဲ့အဲဒီရွာကို ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၆ ရက်နေ့က ခါးဘယ်ရွာကို ပထမဆုံးအကြိမ်ရောက်ခဲ့ဖူးတာဖြစ်ပါတယ်။

ကယောအမျိုးသမီးအစည်းအရုံးနှင့် မျိုးဆက်သစ်ကယောလူငယ်( ဗဟို အဖွဲ့အစည်း) တို့က အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေးအတွက် အသိပညာပေးဟောပြောပွဲနောက်ကို သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီလိုအမျိုးသမီးတွေအပေါ် ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာတွေကော အကြမ်းဖက်မှုတွေများလာတဲ့အတွက် အခုလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့် ရေးနေ့ ၁၆ ရက်တာလှုပ်ရှားမှုအတွင်းမှာ ကယောဒေသဘက်ကို အသိပညာပေးသွားလုပ်ခဲ့ရတာလို့ ကယောအမျိုးသမီးအစည်းအရုံးမှ ဥက္ကဌ မချယ်ရီမိုး ကအခုလိုပြောပါတယ်။

“ဒီဖြစ်ပေါ်လာတဲ့ ကျား၊မ အခြေပြု အကြမ်းဖက်မှုတွေလျော့ချဖို့အတွက် ရည်ရွယ်ချက်နဲ့ အစ်မတို့က ဒီအခမ်းအနားပြုလုပ်ရခြင်းဖြစ်ပါတယ်။” လို့ မချယ်ရီမိုးက ပြောပါတယ်။

အခမ်းအနားဟောပြောပွဲမှာ ခါးဘယ်ကျေးရွာက အမျိုးသမီး၊ အမျိုးသားတွေသာမက အနီးအနားရွာကသူတွေစုစုပေါင်း လူဦးရေ ၁၀၀ကျော်က ဟောပြောပွဲကို တက်ရောက်ခဲ့ကြတာတွေ့ရပါတယ်။

ဒေသခံအမျိုးသမီးများ ခါးဘယ်ကျေးရွာမှာ ယခင်က အမျိုးသမီးအကြမ်းဖက်ခံရမှု အလွန်များနေသေးတယ်လို့ ပြောပါတယ်။ အကြမ်းဖက်ခံရပြီဆိုရင်လဲ ရိုးရာနည်းတွေနဲ့သာ ဖြေရှင်းပေးတာကြောင့် အမျိုးသမီးတွေအနေနဲ့တရားမမျှတဘူးလို့ဆိုပါတယ်။

အခမ်းအနားတက်ရောက်လာတဲ့ ဒေါ်သန္တာဖောက “ ကျမတို့ရွာမှာ အကြမ်းဖက်ခံရတာ များတယ်။ ဒါပေမဲ့ရိုးရာနဲ့ဖြေရှင်းသွားတာဆိုတော့ သူတို့ကို သူတို့အကြမ်းဖက်ခံရမှန်း မသိကြဘူး။ ကျမတို့ဒီလို ဟောပြောပွဲတွေ တက်ပြီးတော့မှပဲ သိလာကြတာပေါ့နော်။” လို့ပြောပါတယ်။

တကယ်လို့အမျိုးသမီးတစ်ယောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖတ်ခံရပီဆိုရင်လဲ ဝက်တစ်ကောင်၊ နွားတစ်ကောင်ဖြင့်သာ ကျေအေးပေးလိုက်ရတယ်လို့ ဒေသခံအမျိုးသမီးများက ပြောပါတယ်။

တရားရုံးတွေ၊ ရဲစခန်းတွေကို တိုင်မယ်ဆိုရင်လဲ ဗမာ စကားမပြောတတ်တာတွေရှိတယ်၊ သွားလာရခက်ခဲတယ်၊ သွားတိုင်မယ်ဆိုရင်လဲ ယောက််ျား လေးတွေဘက်က ချိန်းခြောက်တာတွေ ရှိတယ်လို့ပြောပါတယ်။

“အရင်က ရိုးရာ ဓလေ့နဲ့လုပ်တာများတယ် အခုကတော့ အသိတရားတွေရလာတော့ အရင်လောက်တော့ အကြမ်းဖက်မှုမရှိတော့ဘူးပေါ့။ ရှိတော့ ရှိသေးတယ်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေတော့ များနေသေးတယ်။ ဒါပေမဲ့ဒီထက်မက ပပျောက်စေချင်တယ်။” လို့ ဒေါ်သန္တာဖောကပြောပါတယ်။

ကယောဒေသဘက်မှာဆိုရင် ရိုးရာဓလေ့ထုံးစံနဲ့ အမျိုးသမီးအကြမ်းဖက်ခံရတဲ့အမှုတွေကို ဖြေရှင်းတဲ့ခါမှာ တရားမျှတမှုမရှိလို့ တရားဥပဒေနဲ့ဖြေရှင်းဖို့ အသိပညာပေးနေရသေးတယ်လို့ ကယောအမျိုးသမီးအစည်းအရုံးမှ ဥက္ကဌ မချယ်ရီမိုး ကအခုလို ပြောပါတယ်။

“ဒီဟာက မဖြင့်သင့်ဘူး၊ဘယ်ဟာက လွဲမှားတဲ့အယူအဆလဲ၊ ဘယ်ဟာက အန္တရာယ်ရှိတဲ့ရိုးရာယဉ်ကျေးမှုလဲဆိုတာကိုပဲ အမတို့က အသိပညာပေးတဲ့အပေါ်မှာသူတို့ကလက်မခံကြဘူးပေါ့နော်။ အများစုလက်မခံတာကျတော့ ဒီအသက်ကြီးပိုင်းလူတွေရယ်၊ အမျိုးသားတော်တော်များများက လက်မခံဘူး။ ငါတို့ရိုးရာကိုနင်တို့ရဲ့ဥပဒေနဲ့လာမထိနဲ့အဲ့လိုပေါ့နော်။ သက်ငယ်မုဒိန်းမှု ဆိုတာကတော့ ဒါကလက်သင့်ခံရမဲ့အမှုမဟုတ်ဘူး။ ဒါကို တရားဥပဒေနဲ့သွားရမယ်။ ဒါမှပဲ တရားဥပဒေစိုးမိုးမှာ။ ရိုးရာနဲ့ပဲ ဖြေရှင်းလိုက်တယ်၊ လျော်ကြေးပဲ တောင်းလိုက်တယ်ဆိုရင် သေချာတယ် ကျုးလွန်သူတွေကတော့ ဆက်ရှိနေအုံးမှာပဲ။”လို့ မချယ်ရီမိုးက ပြောပါတယ်။

ကျေးရွာတွေမှာ အမျိုးသမီးအကြမ်းဖက်ခံရမှုတွေမှာ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကတော့ ပိုများတယ်လို့ဆိုပါတယ်။ ဒီလို အကြမ်းဖက်မှုတွေ မပပျောက်သည့်တိုင် လျော့နည်းလာဖို့အတွက်ကိုတော့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေက ဦးစားပေး ဆောင်ရွက်ပေးဖို့ လိုအပ်နေပါသေးတယ်။

ရိုးရာဓလေ့တွေနဲ့ပဲ ဆက်ပြီး သွားနေတဲ့ ဒေသဘက်မှာရှိတဲ့ အမျိုးသမီးတွေဟာဆိုရင် အခုချိန်ထိ တိုးတိတ်ငိုရှိုက်နေကြရဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts