ဇွန်လအတွင်း စစ်ရှောင်ရင်း သေဆုံးသွားခဲ့ရတဲ့ ကရင်နီစစ်ရှောင် ၇ ဦးရှိ

0
5275

ကန္တာရဝတီတိုင်း(မ်)

ကရင်နီမှာ စစ်ရှောင်ရင်း သေဆုံးသွားတဲ့ ပြည်သူတွေ ရှိနေပြီး ဇွန်လအတွင်း မှာ ၇ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု PKPFက ဇူလိုင် ၁ရက်နေ့ ထုတ်ပြန် အချက်အရ သိရပါတယ်။

သေဆုံးသူ အများစုဟာ ဒီးမော့ဆို အနောက်ဖက်ခြမ်း စစ်ရှောင်နေရာ ခူးပရာ၊ လိုဘာခို စတဲ့နေရာနဲ့ ဖယ်ခုံ က စစ်ရှောင်တွေ ဖြစ်တယ်လို့ PKPF တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

“ တချို့ နာတာရှည်ရောဂါ ဖြစ်တာလည်း ပါတယ်။ နောက်ပြီးတော့ အခံ ရောဂါရှိတာလည်း ပါတယ်ပေါ့။ တောင်ကြီး ကစစ်ရှောင် တစ်ယောက်ပါတယ်။ အဲ့တစ်ယောက်ဆို ကင်ဆာနဲ့ပေါ့နော။ နကိုယ်မူလ ရောဂါ ဆိုးဆိုးဝါးဝါး ရှိထားတဲ့လူ မလို့ အဲ့ဒါကြောင့်လည်း ပါတယ်။ နောက်ပြီးတော့ ကျန်းမာရေး အရမ်း မဆိုးဝါးပေမယ့်လည်း ဆေးဝါးကုသမှုတွေ သေချာ မလုပ်ခဲ့တော့ အခုလို ဆုံးသွားတယ်။ ကျနော်တို့ တွေ့ရတယ်ပေါ့။ လောလောဆယ် ကျနော်တို့မှာ ရှိတဲ့ စာရင်း အရပေါ့နော။ “ လို့ PKPF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ရှောင်ရင်း သေဆုံးမှုတွေမှာ လူလတ်ပိုင်းနဲ့ လူကြီးပိုင်း တွေမှာ တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။ အဓိက ဆေးဝါး မလုံလောက်မှု တွေကြောင့် ဖြစ်သလို ဆေး ဆရာဝန်တွေဆီမှာ သေချာ ကုသမှု မခံယူ နိုင်တာတွေ ကြောင့် လည်း ဖြစ်တယ်လို့ သိရပါတယ်။

“ဆေးရုံဆေးခန်းကို ရောက်အောင် မလာနိုင်ခဲ့တာလာ။ ဒါမှ မဟုတ်ရင် စစ်ဘေးရှောင် စခန်းမှာပဲ ကောင်းမွန်တဲ့ ကုသမှုမရပဲနဲ့ အဆင်ပြေသလို ကုသမှု ရရင်းနဲ့ပဲ ဆုံးသွားတာလာ။ နောက်ပြီးတော့ သူ့ရဲ့ အသက်အရွယ်တွေကကော အသက် ၈၀ကျော်အရွယ်တွေဆိုရင် အရမ်းအားနည်းနေတဲ့ အချိန်မျိုးတွေမှာ ဘာဒဏ်မှ မခံနိုင်လို့ ဒီအတိုင်းပဲ ဆုံးပါးသွားတာမျိုးပေါ့။ ဆေးရုံ ဆေးခန်းလည်း မသွားတော့ဘူး။ ဒီမှာပဲ နေတော့မယ် သေတော့မယ် လူကြီးတွေ အဲ့လို ပြောကြတာမျိုးတွေ ရှိတယ်ပေါ့။ ဒါမျိုးလားပေါ့ ကျနော်က အကြောင်းပြချက်ကို သေချာ ဘာမှ မသိနေဘူးပေါ့နော “ လို့ KSCC ကျန်းမာရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာရဲဇော် က ဆိုပါတယ်။

အာဏာသိမ်းကာလအတွင်း ကရင်နီမှာ စစ်ရှောင်ရင်း သေဆုံးခဲ့ရတဲ့ ပြည်သူ ၃၃ ဦးရှိနေတာဖြစ်ပါတယ်။

တစ်နှစ်ကျော် စစ်ရှောင်လာနေရတဲ့ ကရင်နီပြည်က စစ်ရှောင်တွေဟာဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင်စားသောက်မှု၊ ပညာရေး စတာတွေနဲ့ ပတ်သက်ပြီး အခက်ခဲတွေ ရင်ဆိုင်ကြုံတွေ့ နေကြရတာဖြစ်ပါတယ်။