spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသား မျိုးနွယ်စုရိုးရာပြခန်းတွေ ယခင်နှစ်ကထက် ပြသခွင့်ရရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယခုကျင်းပနေတဲ့ ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်မှာတော့ တိုင်းရင်းသားမျိုးနွယ်စုတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို မြင့်တင်ပေးတဲ့အနေနဲ့ တမူထူးခြား တခြားသောနှစ်တွေထက် ပြခန်းတွေပြသခွင့်ရလာတယ်လို့ ဒေသခံ တိုင်းရင်းသားမျိုးနွယ်စုတွေက ပြောဆိုထားကြပါတယ်။

နှစ်စဉ်ကျင်းပလျက်ရှိတဲ့ ကယားပြည်နယ်နေ့ပွဲတော်ဟာဆိုရင် ယခင်က တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရိုးရာအမွေအနှစ်တွေ၊ စာအုပ်စာပေတွေ၊ ရိုးရာလုပ်ငန်းတွေကို ပြခန်းတွေမှာ ချပြပေးဖို့ တခြား ဌာနဆိုင်ရာတွေလို တန်းတူ အခွင့်အရေး မရခဲ့ပါဘူး။ ဒီတစ်နှစ်မှာတော့ ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ မျိုးနွယ်စုဝင်တွေအားလုံးသူတို့ရဲ့ ပြခန်းတွေကို အကျယ်တဝင့် ပြသခွင့်ရရှိလာကြပါတယ်။

ကရင်တိုင်းရင်းသား စောဖိုးလမြင့်က “ပြီးခဲ့တဲ့နှစ်ဆိုရင် တိုင်းရင်းသားမျိုးနွယ်စုတွေ ဒီနှစ်ထက် စုံစုံလင်လင်မတွေ့ရဘူးပေါ့နော်။ဒီနှစ်ကတော့ ကျနော်တို့ စုံစုံလင်လင်ပိုတွေ့ရတဲ့အချိန်ခါကျတော့ ပူးပေါင်းပါဝင်ခွင့် ရတဲ့အခါကျတော့ ကျနော်တို့ အားနည်းနည်းပိုရှိရတာပေါ့။ ကိုယ့်ကယားပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားညီအစ်ကိုအချင်းချင်းတွေကလည်း ပိုပြီးတော့ စည်းလုံးလာတာကိုလည်းတွေ့ရတာပေါ့နော်။” လို့ပြောပါတယ်။

ယခင်နှစ်က တိုင်းရင်းသာမျိုးနွယ်စုပြခန်းဟာဆိုရင် မျိုးနွယ်စုတွေပေါင်းပြီး ပြခန်းလုပ်ရတဲ့အတွက် ကျဉ်းပြီးဒေသခံအများစုကလည်း အရင်နှစ်ကတည်းက ဝေဖန်အကြံပြုခဲ့ကြတယ်လို့လည်းသိရပါတယ်။

ဒီနှစ် ပွဲတော်ရဲ့ ပြန်ခန်းတွေမှာတော့ ပြည်နယ်အတွင်းမှာရှိတဲ့ ဌာနေတိုင်းရင်းသားမျိုးနွယ်စုတွေအပါအဝင် တခြားတိုင်းရင်းသားတွေဖြစ်ကြတဲ့ ရှမ်း၊ ကရင်၊ ဗမာ ၊ လီဆူ၊ ပအို့ဝ် တို့ရဲ့ရိုးရာ ပြန်ခန်းတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

“ကယောစာပေယဉ်ကျေးမှုအဖွဲ့မှ စာပေတာဝန်ခံ နော်အော်လေးဗီယာ “ဒီတစ်နှစ်ကတော့ ကျမတို့ကို စနစ်တကျနဲ့ တစ်ခန်းကို ၂၄ ပေ ၁၂ပေဆိုပြီးအားလုံးတန်းတူ နောက်ကျမတို့ခင်းကျင်းတဲ့ နေရာမှာလည်း အရင်နှစ်တွေလို လာကြည့်တဲ့ ပရိတ်သတ်တွေက ကိုယ့်ကိုယ် ဝေဖန်အကြံပြုတာတွေရှိတယ်လေး။ အဲဒါတွေကိုယူပြီးတော့ ဒီတစ်နှစ်မှာ အဖွဲ့အသီးသီးကနေပြီးတော့ ကိုယ့်ရဲ့ပြခန်းကို ဖြည့်ပြီးတော့ ဒီတစ်နှစ်နည်းနည်းပိုပြီးတော့မှ စိတ်ဝင်စားအောင်ရယ် နောက်ပြီးကိုယ့်ရဲ့စာပေယဉ်ကျေးမှုရိုးရာ ထိန်းသိမ်းတာတွေပေါ်အောင်ဆိုပြီးတော့မှ အဖွဲ့တွေ ကိုယ်စီကိုယ်စီကြိုးစားပြီးတော့မှ ပြသထားတာပေါ့နော်။” လို့ ပြောပါတယ်။

ပွဲတော်အတွင်း နှစ်စဉ်ရိုးရာအကပြိုင်ပွဲတွေကို ကျင်းပခဲ့ကြတာဖြစ်ပြီး ဒီတစ်နှစ်မှာတော့ အကပြိုင်ပွဲရဲ့ ဇတ်စင်ကိုတော့ နေရာကောင်းဖြစ်တဲ့ ပြခန်းတွေရဲ့အလည်မှာ စီစဉ်ထားတာကို မြင်တွေ့ရတယ်လို့လည်း ပွဲတော် အဓိက ဝင်ပေါက်ဘက်မှာ ကား၊ဆိုင်ကယ် အပ်နှံရေးမှာ ကန်ထရိုက်ရတဲ့ ဦးသိန်းမွန်က ပြောပါတယ်။

“ခါတိုင်းနှစ်ဆိုလို့ရှိရင် ကျနော်တို့ရဲ့ယဉ်ကျေးမှုစင်ဆိုလို့ရှိရင် ဟို့အနောက်ဘက်မှာပဲရှိနေရတာ။ ဒီတစ်နှစ်မှာတော့ ထူးခြားတာက ပြခန်းရဲ့အလည်မှာပဲ ပြခန်းနဲ့စနစ်တကျဒီ System ကယဉ်ကျေးမှုကမြောက်ဘက်မှာ ရှိတဲ့အခါကျတော့ ကျနော့်အနေနဲ့ပိုပြီးတော့မှ ထူးခြားတာပေါ့နော်။” လို့ ဦးသိန်းမွန်က ပြောပါတယ်။

အစိုးရဌာနဆိုင်ရာတွေကလည်း ဌာနအလိုက် အကျယ်တဝင့် ပြသထားတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

ကယားပြည်နယ်ဒေသတွင်းမှာရှိတဲ့ ကျောင်းသူ/သားတွေအတွက် ပညာသင်ကြားပေးသလို တဖက်မှာလည်း အားကစားထူးချွန်အောင် သင်ကြားပေးနေတာတွေကို အခုလို ပြခန်းတွေနဲ့ ပြသခွင့်ရတဲ့အတွက်လည်း လူငယ်တွေအတွက် အကျိုးရှိလိမ့်မယ်လို့ ကယားပြည်နယ် အားကစားနှင့်သိပ္ပံကျောင်းမှ လက်ထောက်ညွန်ကြားရေးမှူး ဦးတင်ဝင်းက ပြောပါတယ်။

“သူတို့တတွေအားကစားလည်သင်ပေးတယ်။စာလည်းသင်ပေးတယ်။ သူတို့ရဲ့နေမှုထိုင်မှုတွေ ကြိုးစားအားထုတ်မှုတွေ ဒီမှာထုတ်ဖော်ပြရတဲ့ဆုတံဆိပ်တွေရယ်၊ဒီထဲမှာ ရှိတဲ့ ကျောင်းသားတစ်ဦးစီရဲ့ ရသင့်ရထိုက်တဲ့ အဝတ်အစားတွေကအစ ကျနော်တို့ပြသတာ အများကြီးပဲ လာရောက်ကြည့်ရှုတဲ့ လူတွေကိုအတွက် ကျနော်တို့ အကျိုးတစ်ခုရလိမ့်မယ်လို့မျှော်မှန်းပါတယ်။” လို့ ဦးတင်ဝင်းက ပြောပါတယ်။

ပွဲတော်အတွင်း ပြခန်းတွေနဲ့ ဈေးရောင်းပွဲတော်တွေ ၊ အားကစားပြိုင်ပွဲအစီအစဉ်တွေ၊ တိုင်းရင်းသားရိုးရာအကပြိုင်ပွဲအစီအစဉ်တွေ နာမည်ကြီးအဆိုတော်တွေဖျော်ဖြေတဲ့အစီအစဉ်တွေနဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ကနေ ၁၉ ရက်နေ့အထိ ကျင်းပသွားတာဖြစ်ပါတယ်။

ကယားပြည်နယ်နေ့ဟာဆိုရင် ကရင်နီပြည်နယ်အစား ကယားပြည်နယ်သို့ အမည်ပြောင်းလဲသတ်မှတ်ခေါ်တွင်တဲ့အနေနဲ့ ၁၉၅၂ ၊ ဇန်နဝါရီလ ၁၅ရက်နေ့ကနေစပြီး နှစ်စဉ်ကျင်းပလာခဲ့ကြတဲ့ ပွဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts