ဖယ်ခုံမြို့မှာပုံစံပြောင်း သယ်ဆောင်လာတဲ့ စစ်တပ်ထုတ်ကုန် ဒဂုံဘီယာတွေကို ဖျက်ဆီး

0
5484

ကန္တာရဝတီတိုင်း ( မ် )

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့တစ်နေရာမှာ စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ ဒဂုံဘီယာ အဖာ ၅၄၀ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဖျက်ဆီးခဲ့တယ်လို့ ဖျက်ဆီးခဲ့တဲ့အထဲမှာ ပါဝင်ခဲ့သူ ဖယ်ခုံ PDF တပ်ရင်း( ၂ )က ကိုရဲထက်ပိုင်က ပြောပါတယ်။

ဖြတ်သန်းသွားလာတဲ့ ကားတွေကို စစ်ဆေးရာမှာ ဘီယာဖာကို ပုံစံပြောင်းပြီး ၁၀ ဘီးကားနဲ့ သယ်ဆောင်လာတာကို တွေ့ခဲ့ရတယ်လို့ ကိုရဲထက်ပိုင်က ဆက်ပြောပါတယ်။

“ ဖယ်ခုံနဲ့ မိုးဗြဲတော့ မဟုတ်ဘူးဗျ။ တခြားနေရာက ရန်ကုန်ကနေ တင်လာတဲ့ ကားတွေ နောက်ပြီးတော့ ဘီယာဖာပုံစံပြောင်းပြီးတော့ တင်လာတယ်။ တချို့ဆိုရင် ဖွက်ပြီးတော့ ယူလာတယ်။ ဒီဖယ်ခုံမိုးဗြဲက လူတွေတော့ မဟုတ်ပါဘူး။ တချို့မြို့ကြီးတွေမှာ ဘာပဲဖြစ်ဖြစ် တချို့ main လမ်းတွေမှာ တာဝန်ယူပြီးတော့ သတင်းရတာနဲ့ ကျနော်တို့ သွားဖမ်းတယ်ပေါ့နော။ “ လို့ ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ရက်နေ့မှာလည်း စစ်ကောင်စီထုတ်ကုန် ဒဂုံဘီယာ အဖာ ၂၄၀ကျော် သယ်ဆောင်လာတဲ့ ယာဉ်ကို ဖယ်ခုံ PDF တပ်ရင်း ( ၂ ) နဲ့ KNDF B-03 တို့ စစ်ဆေးတွေ့ရှိပြီး ဖျက်ဆီးခဲ့တာလည်း ရှိခဲ့ပါတယ်။

အလားတူ KNDF B-03 လှုပ်ရှားနယ်မြေထဲက စျေးဆိုင်တချို့မှာလည်း စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ ဆေးလိတ်နဲ့ အရက်တချို့ကို တွေ့ရှိခဲ့ပြီး ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားတာလည်း ရှိပါတယ်။

အခုလို စစ်ကောင်စီထုတ်ကုန်တွေကို သုံးစွဲနေခြင်းဟာ စစ်ကောင်စီကို ကျည်ဆံထောက်ပံ့ကူညီတာနဲ့ တူတဲ့အတွက် မသုံးစွဲကြဖို့ ကိုရဲထက်ပိုင်က ပန်ကြားထားပါတယ်။

“ ကျနော်တို့ အနေနဲ့ကတော့ စစ်တပ်ထုတ်ကုန်တွေကို လုံးဝ မသုံးစွဲခိုင်းစေချင်ဘူးပေါ့နော။ ဒါသည် ကျနော်တို့ကို သတ်ဖို့ ကျည်ဆံပံ့ပိုးပေးနေတာနဲ့ အတူတူပဲ။ အဲ့တော့ ပြည်သူထဲက ပြည်သူဖြစ်တဲ့ ကျနော်တို့ PDF တွေကို နစ်နာစေတဲ့ အလုပ်မျိုး ဘားမှ မလုပ်စေပဲနဲ့ နောက်ပြီးတော့ စစ်တပ်ထုတ်ကုန်မသုံးစွဲဖို့ ကျနော့်အနေနဲ့ အထူး မေတ္တာရပ်ခံပြီး ပန်ကြားလိုပါတယ်ခင်ဗျ။ “ လို့ ပြောပါတယ်။

ဖယ်ခုံမြို့မှာ စစ်တပ်ထုတ်ကုန်တွေကို အသုံးမပြုကြဖို့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ သတိပေးစာ ထုတ်ပြန်တာတွေ၊ ကွင်းဆင်းအသိပေးတာတွေ ဖယ်ခုံ PDF က ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းနဲ့ ဖရူဆိုမြို့နယ်တွေမှာရှိတဲ့ KNDF တပ်ရင်းတွေကလည်း စစ်တပ်ထုတ်ကုန်တွေကို မသုံးစွဲကြဖို့နဲ့ စစ်ဆေးဖျက်ဆီးမှုတွေ ပြုလုပ်နေတာလည်း ရှိနေပါတယ်။