spot_img
Thursday, December 8, 2022
spot_img

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုစနစ်ကို မိတ်ဆက်ပေးမည့် ကရင်နီဂေဟစနစ်စိုက်ပျိုးရေးသင်တန်းကျောင်း

spot_imgspot_imgspot_imgspot_img

ဖဲဘူးရေးသားသည်။

သဘာဝပတ်ဝန်းကျင် မပျက်စီးစေဘဲ စိုက်ပျိုးနည်းဖြစ်သည့် ဂေဟစနစ်ကို စိုက်ပျိုးရေးကျောင်းက သင်ကြားပေးနေသည်။

ကယား(ကရင်နီ)ပြည်နယ်အတွင်း ဖြတ်လမ်းဖြင့် အသုံးပြုလာသော ဓါတ်မြေဩဇာနှင့် နည်းလမ်းမမှန်သော စိုက်ပျိုးမှုကြောင့် သဘာဝပတ်ဝန်းပျက်ဆီးနေမှုကို တစိတ်တပိုင်း ပြန်လည်ကုစားနိုင်ရန် သင်တန်းကျောင်းက ရည်ရွယ်နေခြင်းဖြစ်သည်။

အဆိုပါသင်တန်းကျောင်းမှ နည်းပညာများကို ဒေသခံလူငယ်ထံသို့ ဆင့်ပွားပို့ချနေခြင်းပြီဖြစ်ကြောင်း ကရင်နီ ဂေဟစနစ် စိုက်ပျိုးရေးသင်တန်းကျောင်း တာဝန်ခံ ကျော်ဇင်လီယိုက ပြောသည်။

“မိရိုးဖလာစိုက်နည်းနဲ့ နောက် ဂေဟစနစ်စိုက်နည်းကို စနစ်တကျ ဘယ်လိုစိုက်ပျိုးရင် ကောင်းမလဲဆိုတာ ဒေသခံတောင်သူတွေ သိသွားအောင်ပေါ့နော။ အဲဒီတစ်ချက်ဖြစ်တယ်။ နောက်တစ်ခုကျတော့ ကျွန်တော်တို့ဒေသမှာရှိတဲ့ သစ်ပင်ပန်းမန်တွေ။ အဲဒီမျိုးစိတ်တွေကို ပြန်ပြီးထိန်းသိမ်းမယ်။ အဲဒါဘာလဲဆိုတော့ အဓိက ဂေဟစနစ်လည်း ဖြစ်တယ်။ ပြီးတော့ အော်ဂဲနစ်လို့လည်းခေါ်လို့ရတယ်။ ဆိုတော့ ကျွန်တော်တို့ ဒီဒေသမျိုးစိတ်တွေ မျိုးတုံးမပျောက်ကွယ်သွားအောင်ပေါ့နော။”ဟု သင်တန်းကျောင်းတာဝန်ခံက ပြောသည်။

လက်ရှိတောင်သူအများစုမှ စိုက်ပျိုးရေးလုပ်ကိုင်အချိန်၌ ဓာတ်မြေဩဇာတွေ အသုံးပြုတာတွေ၊ ရွှေ့ပြောင်းတောင်ယာတွေ စိုက်ပျိုးကြခြင်းကြောင့် မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင်ကို ပိုမိုထိခိုက်လာစေကြောင်း ဆိုသည်။

တောင်သူများမှ ရှိရင်းစွဲ စိုက်ပျိုးမြေနှင့် မျိုးစေ့များကို မပျက်စီးစေဘဲ ဂေဟစနစ် စိုက်ပျိုးနည်းစနစ်များကို ကရင်နီ ဂေဟစနစ် စိုက်ပျိုးရေးသင်တန်းကျောင်းက သင်ကြားပေးနေသည်။ သင်တန်းကျောင်းကို ရှားတောမြို့နယ် ပါးလောင်းကျေးရွာမှာ ဖွင့်လှစ်ထားပြီး ယင်းနေရာသို့ လာရောက်ဖွင့်လှစ်ထားသည်မှာ ၃ လကျော် ရှိသွားပြီဖြစ်သည်။

သင်တန်းကျောင်း၌ မြေဆီလွှာထိန်းသိမ်းနည်း၊ မြေဆီကောင်းမွန်အောင်ပြုလုပ်နည်း၊ အပင်မျိုးပွားနည်းနဲ့ ကိုင်းကူးကိုင်းဆက်နည်း၊ အပင်အားဆေးနဲ့ သဘာဝပိုးပြေးဆေး ပြုလုပ်နည်းကိုလည်း အဓိကထားသင်ကြားပေးသည်။

ဓာတ်မြေဩဇာများ သုံးစွဲကြသော တောင်သူတွေအနေဖြင့် မိမိတို့ ရရှိလာသော သီးနှံများကို ပြန်လည်စားသုံးတဲ့အခါမှာ အန္တရာယ်ဖြစ်စေနိုင်ခြင်းကြောင့် သဘာဝအခြေခံ စိုက်ပျိုးခြင်းနည်းလမ်းများအား ကျောင်းသားများမှတဆင့် ပြန်လည်မျှဝေမှုတွေကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျော်ဇင်လီယိုက ပြောသည်။

“ကိုယ်က ပိုးသတ်ဆေးဖြန်းတယ်။ ဥပမာပေါ့နော။ လက်အိတ်တွေဝတ်ရတယ်၊ နှာခေါင်းတွေစည်းရတယ်၊ ဖိနပ်တွေစီးရတယ်။ အဲတာဖြန်းပြီးတော့ အဲ့ကအသီးကို ပြန်စားရင်ရော ကိုယ့်အတွက်အန္တရာယ် ကျန်းမာရေးမှာ ဘယ်လိုရှိမလဲပေါ့။ ဆိုတော့ ကျွန်တော်တို့က ကိုယ့်ကျန်းမာရေးအတွက်လည်း စဉ်းစားရမယ်ပေါ့နော။”ဟု ၎င်းက ပြောကြားသည်။

စိုက်ပျိုးရေးသင်တန်းကျောင်း၌ ကျောင်းသူ/ကျောင်းသားပေါင်း ၂၂ ဦး လက်ခံသင်ကြားပေးနေပြီးဖြစ်ကာ နိုင်ငံခြားပညာရှင်များမှလည်း လာရောက်သင်ကြားပို့ချပေးနေကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ လာရောက်တက်ရောက်နေသော ဝမ့်ကုန်းကျေးရွာနေ မော်ဘဲမယ်က “ကျွန်မတို့ ဂေဟစနစ်နဲ့သွားမယ်ဆိုရင် ပိုးသတ်ဆေးလည်း ဝယ်စရာမလိုဘူးပေါ့နော။ ပြီးတော့ ကုမ္ပဏီက ထုတ်တဲ့ဟာလည်း ဝယ်စရာမလိုဘူး။ ပေါင်းသတ်ဆေးလည်း ဝယ်စရာမလိုဘူး။ ကျွန်မတို့ ဒီကျောင်းမှာ မတက်ခင်တုန်းက မြက်တွေ့လို့ရှိရင် ပေါင်းသတ်ဆေးသုံးရမယ်။ အဲ့လိုပဲမြင်တယ်ပေါ့နော။ အဲ့ဒီမြက်တွေကို မသတ်ပဲနဲ့ သူ့ကို အကျိုးရှိရှိနဲ့သုံးလိုက်မယ်ဆိုရင် ကျွန်မတို့အတွက် နှစ်ခုသုံးလို့ရတယ်။ တိရိစ္ဆာန်တွေ အတွက်က သူတို့ရဲ့အစာ၊ မြေကြီးအတွက်က အာဟာရပေးတဲ့အပင်တွေပေါ့နော။” ဟု မော်ဘဲမယ်က ပြောသည်။

၎င်းကျောင်းသည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့်
လုပ်ထုံးလုပ်နည်းနှင့် အညီလုပ်ဆောင်ရန် ပြည်နယ်အစိုးရက သတိပေးစာ ၂ ကြိမ် ပေးပို့ထားသည်။

ကျောင်းအတွက် ခွင့်ပြုမိန့်ရရန် ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရဆီ တင်ပြထားသော အတောအတွင်း မလုပ်ဆောင်သေးရန် ပြည်နယ်အစိုးရအဖွဲ့က သတိပေးစာပေးပို့ထားခြင်းဖြစ်သည်။

Related Stories