spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ဖွဲ့စည်းလိုက်ရခြင်းအပေါ် KSPပြောရေးဆိုခွင့်ရှိသူ တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းခြင်း

ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ကရင်နီပြည်နယ်တွင်းရှိ ပြည်သူလူထုရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့ရဲဝန်ဆောင်မှုများ ပေးနိုင်ရန် စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန့်ကျင်တဲ့ CDM ရဲ (၃၂၀)ဦး ပါဝင်တဲ့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (Karenni State Police-KSP) ကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာ ဩဂုတ်လ ၂၅ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။

ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ဟာ ပြည်သူထူထုရဲ့အကျိုးစီးပွား နဲ့ ဘဝလုံခြုံရေးအတွက် အမှန်တကယ်စောင့်ရှောက်သွားမယ့် စံပြပြည်သူ့ရဲများအဖြစ် တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့လိုအပ်ချက်အရ လုပ်ငန်းစဉ်များချမှတ်ပြီး အတတ်နိုင်ဆုံးပါဝင်ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။

ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ဖွဲ့စည်းလိုက်ရခြင်းနဲ့ KSPပြောရေးဆိုခွင့်ရှိသူ တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားတာကို တင်ပြပေးလိုက်ပါတယ်။

ကန္တာရဝတီတိုင်း(မ်)။ ။ KSPကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဖွဲ့စည်းဖြစ်ခဲ့တာလဲ။
KSP။ ။ အဓိကကတော့ အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီးတော့ ဖက်ဒရယ်စနစ်ကိုအခြေခံပြီး ပြည်သူလူထုကိုဗဟိုပြုတဲ့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ ရဲလုပ်ငန်းများ ဝန်ဆောင်မှုပေးဖို့အတွက်ပေါ့။

ကန္တာရဝတီတိုင်း(မ်)။ ။ တပ်ဖွဲ့ဝင်ဦးရေ ဘယ်လောက်ရှိလဲ။ ဘယ်က ပါဝင်ကြတာလဲ။
KSP။ ။ ကျနော်တို့ကရင်နီပြည်နယ်မှာရှိတဲ့ CDM ပြုလုပ်တဲ့ ရဲတွေကနေပြီး ဖွဲ့စည်းလိုက်တာပါ။ ရဲတပ်ဖွဲ့ဝင် ၃၂၀ဦး ရှိပါတယ်။ အများစုကတော့ ကရင်နီပြည်နယ်ထဲကနဲ့ တခြားပြည်နယ်နဲ့တိုင်းက တာဝန်ထမ်းဆောင်ပြီး ကယားပြည်နယ်ကိုရောက်လာတဲ့ ရဲတပ်ဖွဲ့ဝင်အချို့ အနည်းအကျဉ်းပါပါတယ်။

ကန္တာရဝတီတိုင်း(မ်)။ ။ KSP ရဲ့ ဖွဲ့စည်းပုံဘယ်လိုရှိပါသလဲ။
KSP။ ။ ဖွဲ့စည်းပုံက ကရင်နီပြည်နယ်ရဲဖြစ်တဲ့အတွက် ပြည်နယ်အဆင့်ရဲဌာနအနေနဲ့ဖွဲ့စည်းထားတယ်။ အဲ့မှာ ပြည်နယ်အဆင့်ရဲမှူးကြီးရှိမယ်။ အောက်မှာအဆင့်ဆင့်ပေါ့။ အဲ့လိုမျိုးဖွဲ့စည်းထားပါတယ်။

ကန္တာရဝတီတိုင်း(မ်)။ ။ ရှေ့ဆက်ဘာတွေလုပ်ဆောင်သွားဖို့ရှိလဲ။
KSP။ ။ အခုလက်ရှိက အရေးတော်ပုံမအောင်ခင် ကြားကာလအနေနဲ့ လိုအပ်တဲ့နေရာမှာ လုံခြုံရေးတွေပေးဖို့ ဒုက္ခသည်စခန်းတွေမှာ ပြည်သူလူထုရဲ့လိုအပ်တဲ့ဟာတွေကို လိုက်ပြီးမှ ဝိုင်းဝန်းကူညီဖို့၊ KSP ရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်မြှင့်တင်ရေးကို အွန်လိုင်းကနေလုပ်ဆောင်သွားဖို့ ရှိပါတယ်။

ကန္တာရဝတီတိုင်း(မ်)။ ။ လက်ရှိမှာ KSP ရဲ့ အခက်အခဲ၊ စိန်ခေါ်ချက် ဘာတွေရှိလဲ။
KSP။ ။ အခက်အခဲကတော့ အများကြီးရှိတာပေါ့။ ကျတော်တို့အခု တောထဲမှာနေနေတယ်။ စားရေးသောက်ရေးအတွက် ရန်ပုံငွေရှာဖို့လုပ်နေတယ်။ အဖက်ဖက်က အခက်အခဲရှိပေမယ့်လည်း အစွမ်းကုန်ကြိုးစားနေပါတယ်။ ကျနော်တို့တစ်ယောက်နဲ့တစ်ယောက်က မတူကြဘူးကော။ တစ်ယောက်ထဲသမားကျတော့ ကိစ္စမရှိဘူး။ တစ်ချို့ကျတော့လည်း မိသားစုတွေများတယ်။ အခက်အခဲကတော့ အဲ့လိုရှိတယ်။

ကန္တာရဝတီတိုင်း(မ်)။ ။ အကြမ်းဖက် စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ KNDF ၊ KA နဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်သွားမလဲ။
KSP။ ။ ကျနော်တို့က ပြည်သူလူထုအတွက် တိုက်ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ အကောင်းဆုံး ချိတ်ဆက်ပူးပေါင်းပြီးမှ ပြည်သူလူထုလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်။

ကန္တာရဝတီတိုင်း(မ်)။ ။ KSP ကိုယ်စားပြုအနေနဲ့ ကရင်နီပြည်သူလူထုကို ဘာပြောချင်လဲ။
KSP။ ။ ကျနော်အနေနဲ့ ကရင်နီပြည်သူလူထုကိုပြောချင်တာပေါ့။ KSP အနေနဲ့ ကရင်နီပြည်သူလူထုကို တတ်နိုင်သမျှ အစွမ်းရှိသမျှ ကူညီသွားမယ်လို့ ပြောချင်ပါတယ်။ ပြီးတော့ စစ်အာဏာရှင်အောက်မှာ ရှိနေတဲ့ CDMမလုပ်သေးတဲ့ ရဲတွေကိုလည်း CDM လုပ်ကြပါ။ ပြည်သူလူထုကို ကူညီပါလို့ တိုက်တွန်းချင်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ကျေးဇူးတင်ပါတယ်။

spot_img
spot_img