spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဆက်သွယ်ရေးလိုင်းမရရှိတဲ့ ကျေးရွာမှာ ကလေး၊ လူငယ် ဗဟုသုတရရှိဖို့ “နွေဦးစာကြည့်တိုက်”ဖွင့်လှစ်ထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရရှိတဲ့ ကျေးရွာတစ်ရွာမှာ ကလေး၊ လူငယ်တွေ ဗဟုသုတရရှိဖို့အတွက် ရန်ကုန်နည်းပညာကျောင်းသားများသမဂ္ဂမှဦးဆောင်ပြီး “နွေဦးစာကြည့်တိုက်”ကို ဖွင့်လှစ်လိုက်ပါတယ်။

“ကျနော်တို့ ရန်ကုန်နည်းပညာကျောင်းသားများသမဂ္ဂကနေ ဦးစီးပြီးလုပ်ဖြစ်တာပေါ့နော။ နွေဦးစာကြည့်တိုက်ဆိုပြီးတော့ ဒီရွာမှာရှိတဲ့ကလေးတွေ လူငယ်တွေ လူကြီးတွေ အကုန်လုံးစာဖတ်လို့ရအောင်ပေါ့နော။ ဖွင့်ဖြစ်တာကလည်း ဒီရွာက အင်တာနက်လိုင်းလည်းပြတ်နေတယ် ဖုန်းလိုင်းပြတ်နေတဲ့နေရာလည်းဖြစ်နေတယ်။ ပြီးတော့ အချိန်ကာလကလည်း ကယားပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပြီး သိပ်မကြာခင်မှာလည်း အဲ့နေရာက ဖြတ်ခံထားရတယ်ဆိုတော့ အဲ့မှာရှိတဲ့လူငယ်တွေလည်း အပြင်ဗဟုသုတနဲ့ထိတွေ့နိုင်မှုက ခဲယဉ်းသွားတယ်ပေါ့နော။ အင်တာနက် ဖုန်းလိုင်းဖြတ်ခံထားရတယ်ဆိုတော့ ဒီရွာမှာလည်း ကျနော်တို့ အပြင်ပန်းနဲ့ထိတွေ့နိုင်အောင် နဂိုကတည်းကလည်း စာကြည့်တိုက်လည်းမရှိသေးဘူးဆိုတော့ စာကြည့်တိုက်လေးကို စဖွင့်ဖြစ်တယ်ပေါ့။” လို့ ရန်ကုန်နည်းပညာကျောင်းသားများသမဂ္ဂမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပထမကျောင်းသားသပိတ်(အမျိုးသားအောင်ပွဲနေ့) ၁၀၁နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဆက်သွယ်ရေးလိုင်းဖြတ်ခံထားရတဲ့ ကျေးရွာမှာ ပြင်ပဗဟုသုတရရှိဖို့ရည်ရွယ်ပြီး ရပ်ရွာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး နိုဝင်ဘာလ ၂၉ရက်နေ့မှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ကလေး၊ လူငယ်အပြင် လူကြီးတွေလည်း သုတ၊ ပုံပြင်၊ ကာတွန်း၊ ဝတ္ထု၊ အင်္ဂလိပ်စာလေ့ကျင့်ခန်း၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ကျောင်းစာလေ့ကျင့်ခန်း၊ ကဗျာ စတဲ့ အမျိုးအမည်နဲ့ စာအုပ်အရေအတွက် ၁၂၀၀ကျော်ကို လာရောက်ဖတ်နိုင်ပြီး စာကြည့်တိုက်မှာ စာဖတ်ဝိုင်းပုံစံနဲ့ ဖတ်နိုင်သလို အိမ်ယူပြန်ပြီး ငှားဖတ်နိုင်တယ်လို့ဆိုပါတယ်။

စာကြည့်တိုက်ကို စစ်ရှောင်စခန်းအထိ ဆက်လက်ဖွင့်လှစ်နိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး စာအုပ်လှူဒါန်းလိုသူတွေအနေနဲ့ ရန်ကုန်နည်းပညာကျောင်းသားသမဂ္ဂ ဖေ့ဘွတ်ပေ့ချ် ကနေ ဆက်သွယ်နိုင်တယ်လို့ ရန်ကုန်နည်းပညာကျောင်းသားများသမဂ္ဂမှတာဝန်ရှိသူတွေက ပြောပါတယ်။

“ဒီစာကြည့်တိုက်တင်မဟုတ်ဘဲနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ စာဖတ်ဝိုင်းပုံစံမျိုးလေးတွေ တခြားရွာတွေ ရွာဆိုပေမယ့် ရွာသီးသန့်မဟုတ်ဘဲနဲ့ စစ်ဘေးရှောင်စခန်းရှိတဲ့ရွာတွေပေါ့နော အဲ့လိုနေရာမျိုးတွေမှာ စာကြည့်တိုက် လုပ်နိုင်အောင် ဆက်ကြိုးစားနေတယ်ပေါ့နော။အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှ အကူညီပေးလိုတယ်ဆိုရင်လည်း ကျနော်တို့ ကျောင်းသားသမဂ္ဂ Page ကနေ ဆက်သွယ်လို့ရပါတယ်။”

တိုက်ပွဲမကြာခဏဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းတွေမှာ ကျောင်းသားအရွယ်ကလေးတွေ ပညာရေးမပြတ်စေဖို့ ကိုယ်ထူကိုယ်စနစ်နဲ့ စာသင်ကျောင်းဖွင့်ပေးတာရှိနေသလို လူငယ်လူကြီး ပြင်ပဗဟုသုတရရှိစေဖို့အတွက်လည်း စာကြည့်တိုက်ဖွင့်လှစ်တာ လုပ်ဆောင်နေကြပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေအရ ပစ္စည်းသယ်ယူပို့ဆောင်တဲ့နေရာမှာ အခက်အခဲရှိနေကြပြီး စာကြည့်တိုက်ဖွင့်လှစ်ဖို့အတွက် စာအုပ်အများအပြားလိုအပ်လျက်ရှိနေဆဲလို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယပတ်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်း စစ်ရှောင်စခန်းနှစ်နေရာမှာ “ မောလီးရို” အမည်ရ စာကြည့်တိုက်ဖွင့်ပေးခဲ့ပါတယ်။

spot_img
spot_img

Recent posts