spot_imgspot_imgspot_imgspot_img
Tuesday, April 30, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးကျည်စထိမှန်မှုကြောင့် မိသားစုဝင်သုံးဦး ထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့ ဝါရီကောခူကျေးရွာအတွင်း ဒီကနေ့ ( အောက်တိုဘာလ ၂၆ ရက်နေ့ ) မနက် ၄နာရီအချိန် နေအိမ်တစ်လုံးနားမှာ လက်နက်ကြီးကျရောက်ပြီး လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် မိသားစုဝင်သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းထံကနေ သိရပါတယ်။

“အဖေရယ်အမေရယ်သားရယ်ပေါ့။ခေါင်းထိတဲ့တစ်ယောက်ကတော့ သူ့သားပေါ့။ ခေါင်းထိထားတဲ့တစ်ယောက်ကတော့ နည်းနည်းစိုးရိမ်ရတဲ့ အခြေအနေထဲမှာပါတယ်ဗျ။ ထပ်မသိရသေးဘူးဗျ။ ကျနော်တို့ ဆေးရုံကို ပို့ခဲ့ပြီးပြီဆိုတော့ ဆေးရုံကပဲ ဆက်ပြီးတောာ့ လုပ်မှာပေါ့။ အဲ့တာတော့ မသိရသေးဘူးဗျ။” လို့ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ ရွှေလွိုင်ကော်ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖခင်ဖြစ်သူ အသက် ၄၆နှစ်အရွယ် ဦးတိုဟာ တင်ပါး၊ ပေါင်တို့မှာ ထိခိုက်ဒဏ်ရာ၊ မိခင်ဖြစ်သူ အသက် ၄၅နှစ်အရွယ် ဒေါ်မူဟိုက်က ဝမ်းဗိုက်၊ တင်ပါး၊ ဘယ်လက်မောင်းမှာ ထိမှန်ဒဏ်ရာရပြီး သားဖြစ်သူ အသက် ၂၅နှစ်အရွယ် ကိုကမီးယိုပုဟာ ဦးခေါင်း၊ ဘယ်ခြေချင်းဝတ်တွေမှာ ထိမှန်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။ ထိမှန်ဒဏ်ရာရသူတွေကို လက်ရှိမှာ လွိုင်ကော်ဆေးရုံကို ပို့ဆောင်ထားပြီး ဦးခေါင်းထိထားတဲ့သူကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။

ဒီကနေ့ မနက်စောပိုင်း ၄ နာရီအချိန် ဝါရီကောခူကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ကနေ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မိုးဗြဲ PDF က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဟာ ဒီလိုပစ်ခတ်မှုတွေ ပြုလုပ်နေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ လုံခြုံရေးကို အထူးဂရုပြုကြဖို့လည်း မိုးဗြဲ PDF က တိုက်တွန်းထားပါတယ်။

မနက် ၃နာရီကစပြီး ၁၅မိနစ်ခြားတလုံးပစ်ခတ်ကာ ရွာအပြင်ဖက်မှာ ၄လုံး၊ လူနေအိမ်နားတစ်ဝိုက်မှာ တလုံးကျရောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ရက်နေ့ မနက် ၁နာရီအချိန်မှာလည်း ဝါရီကောခူကျေးရွာနဲ့ မနီးမဝေး ကုန်းသာကျေးရွာစစ်ရှောင်နေရာမှာ လက်နက်ကြီးကျရောက်ခဲ့ပြီး ကျည်စထိမှန်မှုကြောင့် ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့ရပါတယ်။ ၎င်းတို့ရဲ့ ၈နှစ်အရွယ်သားလေးနဲ့ ၆လသားအရွယ်သမီးလေးလည်း အနည်းကျဉ်းထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကရင်နီပြည်မှာ အောက်တိုဘာလ ၁ရက်နေ့ကနေ ၂၆ရက်နေ့အထိ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရသူ ၁၀ဦးရှိပြီး သေဆုံးသူ နှစ်ဦးရှိနေပါတယ်။

spot_img
spot_img

Recent posts