spot_img
16.5 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလုံခြုံရေးကြောင့် ဆယ်တခဲ အထက်တန်းကျောင်းမှာ သတ်မှတ်နေရာခွဲပြီး သင်ကြားနေရ

လုံခြုံရေးကြောင့် ဆယ်တခဲ အထက်တန်းကျောင်းမှာ သတ်မှတ်နေရာခွဲပြီး သင်ကြားနေရ

-

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ်၊ ဆယ်တခဲ စစ်ဘေးရှောင်စခန်းမှာရှိတဲ့ အထက်တန်းကျောင်းကို လုံခြုံရေးအခြေအနေကြောင့် သတ်မှတ်နေရာတွေမှာ စာမသင်ကြားတော့ပဲ နေရာခွဲပြီးသင်ကြားပေးနေရတယ်လို့ ကျောင်းဆရာမတစ်ဦးကပြောပါတယ်။

“အခုက ဘယ်လိုလုပ်ရလဲဆိုတော့ ကျောင်းတွေမှာ သတ်မှတ်တဲ့နေရာတွေမှာ ကလေးတွေကို မထားရဲဘူးပေါ့။ လေယာဥ်ကို ကြောက်ရတာပေါ့။ မူလတန်းက ၂ နေရာထိ ခွဲထားရတယ်။ တစ်ခြားတစ်နေရာစီပေါ့။ အလယ်တန်းခါကျတော့ တစ်ခြား ဒေသခံ စစ်ရှောင်တွေလည်း လာတက်တယ်ဆိုတော့ ကြောက်ရတော့ သုံးနေရာအထိ ခွဲထားလိုက်ပြီး စာသင်နေရတာပေါ့။ ကလေးများတယ်။” လို့ ဆရာမ တစ်ဦးက ပြောပါတယ်။

လက်ရှိကရင်နီပြည် ဖရူဆိုမြို့နယ် နဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေက ခပ်စိပ်စိပ်ရှိနေတာကြောင့် လက်ရှိမှာ စာသင်ကျောင်းကို တစ်လ ကျော်ပိတ်ထားရတယ်လို့ အဆိုပါ ကျောင်းဆရာမက ဆက်ပြောပါတယ်။

အဆိုပါကျောင်းကို ဇွန်လအတွင်းမှာ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပေမယ့် အတန်းအားလုံး သင်ကြားနိုင်ရေးတော့ အခက်အခဲရှိနိုင်တယ်လို့ ပြောပါတယ်။

ဆယ်တခဲ အထက်တန်းစာသင်ကျောင်းကို ၂၀၂၁ခုနှစ်ကတည်းက ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဆယ်တခဲ အထက်တန်းကျောင်းမှာ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၂၀၀ ကျော်ရှိပြီး၊ ဆရာ ဆရာမ ၁၅ ဦးကနေ သင်ကြားနေတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကျောင်းသားတွေအတွက် ဖတ်စာအုပ် လိုအပ်နေဆဲဖြစ်တယ်လို့ အဆိုပါ ဆရာမက ဆက်ပြောပါတယ်။

” ဖတ်စာအုပ်မရရင်တော့ ကျမတို့ ဖွင့်လို့မရဘူးပေါ့ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေက များတယ်လေးနော။ ကျမတို့အနေနဲ့ လိုင်းကနေကြည့်ပြီး စာသင်လို့ရတယ်။ ကျောင်းသူ ကျောင်းသားတွေအတွက်ကတော့ အဆင်မပြေဘူးပေါ့နော”လို့ ဆရာမက ဆက်ပြောပါတယ်။

လက်ရှိမှာ အလယ်တန်းအဆင့် အတန်းတင်စာမေးပွဲ ဖြေဆိုပြီးထားပြီး လာမယ့် စာသင်နှစ်အတွက် အလယ်တန်း စနစ်သစ်ကို သင်ကြားပေးနိုင်အောင် ပြုလုပ်သွားမယ်လို့လည်း ဆိုပါတယ်။ ဖရူဆိုမြို့နယ်အတွင်း ကြားကာလအခြေပြုကျောင်း အထက်တန်း ၈ ကျောင်းအထိ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ