spot_img
32.1 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်း“ ရှမ်း-ကရင်နီ နယ်စပ်မှာ လမ်းပိတ်ဆို့ဟန့်တားမှုတွေကြောင့် ကရင်နီပြည်အတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီခွင့် အဟန့်အတားဖြစ်နေတယ်လို့ UNOCHA ထုတ်ပြန် “

“ ရှမ်း-ကရင်နီ နယ်စပ်မှာ လမ်းပိတ်ဆို့ဟန့်တားမှုတွေကြောင့် ကရင်နီပြည်အတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီခွင့် အဟန့်အတားဖြစ်နေတယ်လို့ UNOCHA ထုတ်ပြန် “

-

ကန္တာရဝတီတိုင်း(မ်)

စက်တင်ဘာလနှောင်းပိုင်းကစပြီး ရှမ်း- ကရင်နီပြည်နယ်စပ်က အဓိကလမ်းတွေကို ပိတ်ဆို့ထားတာကြောင့် ကရင်နီပြည်အတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီခွင့်တွေကို အဟန့်အတားဖြစ်နေတယ်လို့ UNOCHA Myanmar က အောက်တိုဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိ ကရင်နီပြည်မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းတွေ ထိုးနေတဲ့ ဖရူဆိုမြို့နယ်က ဒေသခံတွေဟာ အနီးအနားက သစ်တောထဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လမ်းပိတ်ဆို့မှုတွေကြောင့် အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ တခြား အခြေခံပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ UNOCHA Myanmar ကထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်ကူညီသူတွေကတော့ ဖရူဆို ဒေသခံစစ်ရှောင်တွေအတွက် စားနပ်ရိက္ခာတွေ သယ်ယူတဲ့နေရာမှာ လမ်းပိတ်ဆို့မှုတွေကြောင့် ခက်ခဲနေတယ်လို့ ပြောပါတယ်။

“ လောလောဆယ် အရေးပေါ် စားနပ်ရိက္ခာ တော်တော်များများ လိုအပ်မှုရှိနေတယ်။ ကျနော်တို့ ဒီလမ်းကြောင်းပိတ်ဆို့မှုတွေက ရှိတယ်။ ပြီးတော့မှ ကျနော်တို့ နန်းဖဲ ပလဲလယ် ကို ရိက္ခာ ကူဖို့သွားမယ်ဆိုရင် ကျနော်တို့ ကားတဝက်လူတဝက် ထမ်းပြီးတော့မှ သွားရတဲ့ အနေအထားမှာ ရှိနေတယ်ပေါ့နော် “ လို့ စစ်ရှောင်ကူညီသူ တဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေက လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေလည်းရှိနေတာကြောင့် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေလည်း ရွာအတွင်းမနေရဲပဲ စစ်ရှောင်ကြရတယ်လို့ သိရပါတယ်။

“လေယာဉ် ဗုံးကြဲတာတွေ ဆက်တိုက် လုပ်လာတာပေါ့နော်။ အဲ့ဒီအတွက်ကြောင့် မို့လို့ လမ်းမကြီး အရှေ့ အနောက်ရော၊ စစ်မရှောင်ရတဲ့ ရွာတွေရော စစ်ထပ်ရှောင်ရတာတွေရှိတယ်။ နောက်ပြီးတော့မှ စစ်ရှောင်စခန်းမှာရောက်နေတဲ့ စစ်ရှောင်တွေက ရွာတွေနဲ့ ထပ်ရှောင်တာရှိတယ်။ တချို့နေရာဆို နောက်တရွာထပ်ရှောင်တယ် ပြီးဗုံးလာကြဲတော့ နောက်တနေရာထပ်ရှောင်ရတာပေါ့နော်။ တချို့နေရာဆိုတော့ တနေရာ သုံးနေရာ ဆက်တိုက်ထပ်ရှောင်ရတဲ့ အခြေအနေတော့ရှိတာပေါ့နော်။ “ လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး (၂ ) ဦး ဗညားက ပြောပါတယ်။

လက်ရှိကရင်နီပြည်က စစ်ကောင်စီအပြည့်အဝမထိန်းချုပ်နိုင်တဲ့ မြို့နယ်တွေထဲကို ကုန်စည်တွေဝင်ရောက်လာမှု မရှိသလောက် ဖြစ်နေတာကြောင့် ကုန်စျေးနှုန်းတွေမြင့်တက်နေသလို၊ စစ်ရှောင်စခန်းတွေမှာလည်း ရိက္ခာပြတ်လပ်မှုတွေမကြာခနကြုံတွေ့နေရပါတယ်။

UNOCHA ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ အောက်တိုဘာလ ၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ နှစ်သန်းအထိ ရှိနေတယ်လို့ ဆိုထားပါတယ်။ ကရင်နီပြည်မှာတော့ စစ်ဘေးရှောင် ဦးရေ နှစ်သိန်းခွဲ ဝန်းကျင်ရှိနေတယ်လို့ လူမှုအသင်းအဖွဲ့တွေရဲ့ စာရင်းအရသိရှိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ