spot_img
26.5 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းဖားဆောင်းမြို့က စစ်ကောင်စီတပ်ရဲ့ ခလရ ၁၃၄/၁၃၅ စခန်းတွေကို ၂လကြာတဲ့အထိမသိမ်းယူနိုင်သေး

ဖားဆောင်းမြို့က စစ်ကောင်စီတပ်ရဲ့ ခလရ ၁၃၄/၁၃၅ စခန်းတွေကို ၂လကြာတဲ့အထိမသိမ်းယူနိုင်သေး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖားဆောင်းမြို့ပေါ်မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၃၄/၁၃၅ စခန်းတွေကို အပြီးသပ်မသိမ်းယူနိုင်သေးပဲ ဒီကနေ့အထိ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဆီကနေသိရပါတယ်။

တိုက်ပွဲစတင်တဲ့ ဖေဖော်ဝါရီလကုန်ကနေ ဒီကနေ့အထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နေ့စဥ်အမျှရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဖားဆောင်းမှာက တပ်စခန်း ၂ခုပဲ ကျန်တာပေါ့နော်။ ၁၃၄နဲ့ ၁၃၅ပဲကျန်တယ်။ သူတို့ကတော့ သူတို့ရဲ့ အခြေစိုက်တပ်ရင်း ၁၃၄/၁၃၅ ထဲမှာပဲ အခိုင်အမာပေါ့နော်၊ ခံတပ်အနေနဲ့ ရှိနေတော့တဲ့ အနေအထားဖြစ်ပါတယ်။ တိုက်ပွဲကတော့ ငြိမ်နေတယ်လို့တော့ ပြောလို့မရပါဘူး။ နှစ်ဖက် ပစ်ခတ်မှုက နေ့တိုင်းနီးပါးရှိနေတယ်ပေါ့နော်။” လို့ တာအယ်စိုးက ဆိုပါတယ်။

ဖားဆောင်းတိုက်ပွဲဖြစ်ပွားမှုတွေအတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က ဖားဆောင်းမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်သား ၁၀၉ ဦးကို ပါပုကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ ဗျူဟာမှူး၊ စစ်ကြောင်းမှူး အပါအဝင် တပ်သား ၅၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေ ကအရှင်ဖမ်းဆီးခဲ့တာတွေရှိပါတယ်။

လက်ရှိ ဖားဆောင်းမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ စခန်း ( ၉ ) ခုရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF ) ရဲ့ မတ်လ ၂၃ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ခံတပ်အနေနဲ့ ခလရ ၁၃၄/၁၃၅ နှစ်ခုသာကျန်ရှိနေသေးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ