Homeသတင်းUNICEF Myanmar ကနေ ဆောင်ရွက်နေတဲ့ မသန်စွမ်းကလေးသူငယ်အတွက် အွန်လိုင်း ထောက်ပံ့ရေးအစီအစဥ်ကို ရရှိဖို့‌မျှော်လင့်

UNICEF Myanmar ကနေ ဆောင်ရွက်နေတဲ့ မသန်စွမ်းကလေးသူငယ်အတွက် အွန်လိုင်း ထောက်ပံ့ရေးအစီအစဥ်ကို ရရှိဖို့‌မျှော်လင့်

-

ကန္တာရဝတီတိုင်း(မ်)

UNICEF Myanmar ကနေ ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အသက် ၂ နှစ်ကနေ ၁၈ နှစ် ကြား မသန်စွမ်းကလေးသူငယ်တွေအတွက် အွန်လိုင်း ထောက်ပံ့ရေးအစီအစဥ်ကို ကရင်နီက မသန်စွမ်းကလေး‌တွေရရှိဖို့ မျှော်လင့်တယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြောပါတယ်။

အွန်လိုင်း Wave Money ကနေ ထောက်ပံ့ပေးနေတဲ့ ဒီအစီအစဉ်ဟာ ကရင်နီမှာရှိတဲ့ လူထုတွေအတွက် လက်လှမ်းမီဖို့ ခက်ခဲတဲ့အတွက် အခြားနည်းလမ်းကနေ ထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ရဲ့ တည်ထောင်သူ ဦးဗညားက ကန္တာရဝတီတိုင်း (မ်)ကိုပြောပါတယ်။

”ထောက်ပံ့ပေးမယ်ဆိုတာတော့ ဝမ်းသာပါတယ်ပေါ့နော်။ ကျနော်တို့ ရဲ့ ပြည်နယ်မှာရှိနေတဲ့ လူအများစုကို သူတို့က ဘယ်လိုပေးမလဲဆိုတာကတော့ သူတို့မှာလည်း အစီအစဥ်တွေရှိမယ် ထင်ပါတယ်။ မျှော်လင့်တာကတော့ ရကြမယ်လို့ မျှော်လင့်တယ်။ ဒါပေမဲ့ Wave အကောင့်ဖွင့်ဖို့ကတော့ ခက်တယ်။ တချို့မိသားစုဝင်တွေအတွက် ခက်ခဲမှုရှိမယ်။ လိုင်းပြသနာရှိမယ်။ နောက် ကျနော်တို့သိတဲ့ အချို့က ကွက်တိကွက်တိကို ဖွင့်ရတာပေါ့နော်။ တခါတလေ မှတ်ပုံတင်နဲ့ ဖွင့်ရတာတွေခက်တာတွေ ရှိတာပေါ့နော်။ နည်းပညာပိုင်းဆိုင်ရာ အွန်လိုင်းကိစ္စရခြင်း၊ မရခြင်းက ဆင်းကဒ်ရှိခြင်း၊ မရှိခြင်းက အများကြီး သက်ရောက်မှုရှိတယ်လေးနော်။ ဒါပေမဲ့ ကျနော်တို့ အနေနဲ့ ထောက်ပံ့မယ်ဆိုရင်တော့ Wave Money တစ်ခုတည်းမဟုတ်ပဲ အခြားနည်းလမ်းနဲ့ ထောက်ပံ့ဖို့လည်း မျှော်လင့်ပါတယ်ပေါ့နော်။”လို့ ဦးဗညားက ဆိုပါတယ်။

ကလေးသူငယ်တွေရဲ့ ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေး၊ အာဟာရပြည့်၀ရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပညာရေး၊ မသန်စွမ်းကလေးသူငယ်တွေအတွက် အထောက် အကူပြုပစ္စည်း/နည်းပညာ တွေမှာ အထောက်အကူဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့မှာ UNICEF Myanmar က ထုတ်ပြန်ထားတာပါ။

မသန်စွမ်းကလေးသေဆုံးသွားတာ၊ ကုသလို့ပျောက်ကင်းသွားတာ၊ မသန်စွမ်းကလေးတွေ မိသားစုနဲ့အတူ မနေထိုင်တာ၊ ပြည်ပကို ကာလရှည်ကြာပြောင်းရွှေ့သွားတဲ့ သူတွေနဲ့ အချက်အလက် မပြည့်စုံသူတွေအနေနဲ့ ထောက်ပံ့မှုကို ရမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကရင်နီပြည်မှာတော့ မသန်စွမ်းကလေးသူငယ်တွေအတွက် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာနမှ ပိုမိုခက်ခဲတဲ့ မသန်စွမ်းမိသားစုတွေကိုသာ ထောက်ပံ့နိုင်သေးတဲ့ အခြေအနေမှာရှိတယ်လို့ ဦးဗညားက ပြောပါတယ်။

တဖက်မှာလည်း မြေပြင်က မသန်စွမ်းကလေးသူငယ်တွေရဲ့ စာရင်းတွေကိုတော့ IEC ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာက စာရင်းပြုစုနေဆဲဖြစ်တယ်လို့ သိရပါတယ်။

UNICEF Myanmar ထောက်ပံ့တဲ့ အစီအစဥ်ဟာ မသန်စွမ်းကလေးတစ်ဦးကို မြန်မာငွေ ကျပ် (၄၂၀၀၀) နှုန်း နဲ့ (၂) လ တစ်ကြိမ် တိုက်ရိုက်ရရှိမှာဖြစ်ပြီး အကျိုးခံစားခွင့်ရှိသူဟာ အတူနေထိုင်မှုရှိတဲ့ အိမ်ထောင်စုတစ်စုမှာ အများဆုံး (၃) ဦးအထိသာ ထောက်ပံ့မှာဖြစ်ပါတယ်။

အဆိုပါ ထောက်ပံ့မှုကိုရလိုသူတွေဟာ UNICEF Myanmar ရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ ၀၉-၈၈၀၉၁၉၂၁၁၊ ၀၉-၈၈၀၉၁၉၂၁၂၊ ၀၉-၈၈၀၉၁၉၂၁၃ တွေကို တနင်္လာနေ့မှ သောကြာနေ့အထိ မနက် ၉း၀၀ နာရီကနေ နေ့လည် ၁၂း၀၀ နာရီ၊ နေ့လည် ၁း၀၀ နာရီကနေ ၄း၀၀ နာရီ အချိန်တွင်းမှာ ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ