ထွေးရယ်/ကန္တာရဝတီတိုင်း(မ်)
“သီတင်းကျွတ်ပွဲတော်ဟာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအရ ဘိုးဘွားမိဘနဲ့ သက်ကြီးရွယ်အိုတွေကို ကန်တော့ပူဇော်ကြတယ်။ မိသားစုတွေ ဆုံဆည်းပျော်ရွှင်ကြတဲ့အချိန် အခါသမယဖြစ်ပါတယ်။ သီတင်းကျွတ်ရောက်တိုင်း မိဘတွေကို လက်အုပ်ချီ ကန်တော့ပူဇော်ချင်တဲ့ ဆန္ဒပြင်းပြမှုက ရင်ထဲမှာ အမြဲရှိနေပေမဲ့လည်း တာဝန်ကျရာနေရာကနေ ဘယ်လိုမှ ပြန်လာလို့မရတဲ့ အခြေအနေ တခုကြောင့် မိဘများအပေါ် ကျေးဇူးဆပ်ခွင့်နဲ့ ဝတ်ပြုခွင့်ကို ဒီနှစ်မှာလည်း ဆုံးရှုံးလိုက်ရပြန်ပြီဆိုတဲ့ ခံစားချက်ကတော့ ရင်ထဲမှာ အတော်လေး ထိခိုက်တယ်”
အခုလို ဗုဒ္ဓဘာသာဝင်တွေအထွဋ်အမြတ်ထားကြတဲ့ သီတင်းကျွတ် လပြည့်နေ့မှာ မိဘတွေနဲ့ ဆုံဆည်းခွင့် မရှိပဲ ရှေ့တန်းမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ထမ်းဆောင်နေရတဲ့ ရှေ့တန်း ရဲ ဘော် ခူးလူရယ်ပိုင် ရဲ့ ဖွင့်ဟ လာတဲ့ ရင်တွင်းခံစားချက်လေး ဖြစ်ပါတယ်။
ခူးလူရယ်ပိုင်ဟာ ကရင်နီတပ်မတော် KA ဒရုန်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတာပါ။ စစ်တပ် အာဏာကို မသိမ်းယူခင်အချိန်က သီတင်းကျွတ်ပွဲတော်ကို မီးထွန်းပွဲတွေ၊ ပျော်ပွဲ ရွှင်ပွဲတွေနဲ့ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပုံကို ခူးလူရယ်ပိုင် ပြန်အမှတ်ရနေပါတယ်။ အခုတော့ လူငယ်တွေ အများစုဟာ ပွဲတော်ထက်စာရင် သေနတ်တွေကိုင်စွဲပြီး အထီးကျန်ဆန်တဲ့ သီတင်းကျွတ်ညတွေကို ဖြတ်သန်းနေကြပါတယ်။
တချို့ လူငယ်တွေမှာတော့ မိဘတွေကို ကန်တော့ခွင့် ရကြပေမဲ့လည်း ရှေ့တန်းမှာ အများအကျိုး အတွက် တာဝန်ကို ထမ်းရွက်နေကြတဲ့ ခူးလူရယ်ပိုင် တို့လို ရဲဘော်တွေ အတွက်ကတော့ အတိတ်မှာ ပျော်ရွှင်ခဲ့ဖူးတာလေးကိုဘဲ ပြန်လွမ်းဆွတ်တမ်းတရုံကလွဲပြီး မတတ်နိုင်ကြပါဘူး။
“သီတင်းကျွတ်လို ပွဲတော်ရက်တွေမှာ မြို့ပြတွေမှာ မီးထွန်းပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ ရှိနေချိန်မှာ ကျနော်တို့ဟာ အသက်အန္တရာယ်ရှိတဲ့ စစ်မြေပြင် မှာ ရပ်နေရတယ်။ မိသားစုနဲ့အတူ ပျော်ရွှင်ခွင့်ရခဲ့ဖူးတဲ့ အတိတ်က အမှတ်တရတွေကိုဘဲ ပြန် လွမ်းဆွတ်နေကြရတာပေါ့”လို့ ခူးလူရယ်ပိုင်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အချိန်အခါ နဲ့ နေရာ ကို မရွေးဘဲ လေကြောင်း တိုက်ခိုက်မှုတွေ ၊ လက်နက်ကြီးတွေကို ပစ်ခတ်နေတာကြောင့် စစ်ဘေးတိမ်းရှောင်နေကြရတဲ့ မိဘတွေ အတွက်ကိုလည်း ရှေ့တန်းရောက်နေတဲ့ ခူးလူရယ်ပိုင်က စိုးရိမ်ပူပန်ရပါသေးတယ်။ လုံခြုံရေးစိန်ခေါ်ချက်တွေရှိနေချိန်မှာ မိသားစုနဲ့ အတူရှိမနေပေးနိုင်တာကြောင့်လည်းတခါတလေ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ အထိကို ရှိနေပါတယ်။
သို့ပေမဲ့လည်း စစ်တပ်ရဲ့ လူသားမဆန်တဲ့လုပ်ရပ်တွေ ၊ အာဏာရှင်စနစ်တွေကြောင့် ခူးလူရယ်ပိုင် လို လူငယ်တွေ အများစုဟာ လမ်းပေါ်ထွက် ဆန္ဒပြရာကနေ တော်လှန်ရေးအောင်မြင်ဖို့အတွက် လက်နက်ကိုင်လမ်းစဉ်အထိ လျှောက်လှမ်းလာခဲ့တဲ့စိတ်ဓာတ်ကို အရင်းခံပြီး ခံစားချက်ကို မြိုသိပ်ထားရတဲ့အကြောင်း သူကအခုလို ပြောဆိုပါတယ်။
“ တဖက်မှာ ဝမ်းနည်းနေပေမဲ့လည်း အခြားတဖက်မှာတော့ “တော်လှန်ရေး” ရည်မှန်းချက်ကို အရင်းခံပြီး ခံစားချက်တွေကို ထိန်းချုပ်ထားကြပါတယ်။ ကျနော်တို့လို လူငယ် ရဲဘော်တွေ အများစုက တကိုယ်ကောင်းဆန်တဲ့ ပျော်ရွှင်မှုထက်၊ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး နောက်လာမယ့် အနာဂတ်မှာ မိသားစုနဲ့ အတူ လုံခြုံစွာ ပျော်ရွှင်နိုင်မယ့်တနေ့ကို စောင့်မျှော်နေကြရဆဲပါ”လို့ ခူးလူရယ်ပိုင်ကပြောပါတယ်။
ခူးလူရယ်ပိုင် လိုဘဲ နောက်ထပ် ရဲဘော် တယောက်ဖြစ်တဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း (၂) မှာ တာဝန် ထမ်းဆောင်နေတဲ့ ကိုဝတုတ်ကတော့ သီတင်းကျွတ် လပြည့်နေ့မှာ မိဘတွေ နှစ်ပါးလုံး ရှိနေပါလျှက်နဲ့ ပြန်လည်ကန်တော့ခွင့်မရတဲ့အတွက် ဝမ်းနည်းကြောင်း အခုလိုဘဲ ရင်ဖွင့်လာပါတယ်။
“ ဝမ်းနည်းတာပေါ့နော်၊ အခါကြီး ရက်မျိုးတွေမှာ ကိုယ့်မိဘ နှစ်ပါးလုံး ရှိနေပါလျှက်နဲ့ ပြန်ပြီး မကန်တော့ရဘူးဆိုတော့၊ ရင်ထဲမှာ မကောင်းဘူး။ တချို့သော ရဲဘော်တွေ ဒီဘက်မှာ မိဘတွေနဲ့ နီးတဲ့ ရဲဘော်တွေ သူတို့ကို ကြည့်ပြီးတော့ ဝမ်းသာပီတိ ဖြစ်တယ်။ မျက်ရည်လည်း ကျတယ်၊ ပြန်လည်း ပြန်ချင်တယ်၊ ပြန်ဖို့ကျလည်း အခွင့်အရေး မရှိသေးဘူး၊ တော်လှန်ရေးကလည်း မပြီးသေးဘူး။ ကန်တော့ချင်တော့ အဝေးကနေဘဲ ကန်တော့ ရတာပေါ့။” လို့ ရဲဘော်ကိုဝတုတ်ကပြောပါတယ်။
ကိုဝတုတ်က တော်လှန်ရေးလမ်းစဉ်ကို လျှောက်လှမ်းလာခဲ့တာ သုံးနှစ်တာကာလအတွင်း ဝင်လာပါပြီ။ ဒီ သုံးနှစ်အတွင်းမှာလည်း ပခုံးပေါ်ထမ်းတင်ထားရတဲ့ တာဝန်တွေကြောင့် မိဘတွေနဲ့ ဆုံဆည်းခွင့် မရရှိခဲ့သေးပါဘူး။ ကိုဝတုတ်ရဲ့ မိဘတွေကတော့ နေရပ်ကို စွန့်ခွာပြီး ဘေးကင်းလုံခြုံမယ်လို့ ထင်ရတဲ့ နေရာတခုမှာ စစ်ဘေး တိမ်းရှောင်နေကြရပါတယ်။
ကရင်နီပြည်တွင်း လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို လျှောက်လှမ်းလာခဲ့ကြတဲ့ လူငယ်တွေ အများစုမှာ သူတို့လိုချင်တဲ့၊ သူတို့လိုလားတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ အောင်မြင်ရေး လမ်းကြောင်းပေါ်ကို မရောက်မချင်း အသက် သွေး ၊ ချွေး နဲ့ ရင်းပြီး စိတ်ဓာတ်ကို သံမဏိလို ခိုင်မာစွာ ဆုံးဖြတ်ချက် ချထားကြတာပါ။ ရဲဘော်များအတွက် သီတင်းကျွတ်ကာလဟာ တိုင်းပြည်တာဝန်ကြောင့် သားသမီးဝတ်ကိုမကျေနိုင်သေးသလိုဖြစ်စေတာပါ။ မလွဲမရှောင်သာ ရွေးချယ်နေရတဲ့ အချိန်အခါဖြစ်သလို ကြီးမားလှတဲ့ ဝမ်းနည်းမှုတွေ ၊ လွမ်းဆွတ်မှုတွေ နဲ့ တာဝန်သိစိတ် တို့ ရောထွေးနေတဲ့ ခံစားချက်များနဲ့ ရင်ဆိုင်ဖြတ်သန်းနေကြရင်း မိဘတွေကို ရှေ့တန်းစစ်မြေပြင် အဝေးတနေရာကနေပဲ လှမ်းပြီးကန်တော့ကြရပါတယ်။