spot_img
16.4 C
Loikaw
Monday 8, December 2025
spot_img
Homeသတင်းထျေးလျားမိုးက စစ်ရှောင်လူထုတွေ မွေးမြူထားတဲ့ဝက် အကောင်ရေ ၅၀ ကျော် အနာကျသေဆုံး

ထျေးလျားမိုးက စစ်ရှောင်လူထုတွေ မွေးမြူထားတဲ့ဝက် အကောင်ရေ ၅၀ ကျော် အနာကျသေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက ထျေးလျားမိုး စစ်ရှောင်စခန်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ ပထမအပတ်မှာပဲ ဒီးမော့ဆို – ဖရူဆို ကားလမ်းမကြီးကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေစဥ် ဒရုန်းနဲ့လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ထပ်ဆင့်တိမ်းရှောင်ခဲ့ကြရပါတယ်။

တပိုင်တနိုင် မွေးမြူထားတဲ့ဝက်တွေကို တိမ်းရှောင်နေချိန်မှာ သယ်ဆောင်သွားပြီး တလအတွင်းမှာ ဝက်အကောင်ရေ ၅၀ ကျော် အနာကျသေဆုံးမှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

“စျေးပေါပေါနဲ့ ရောင်းလိုက်တာ အဲလိုပေါ့။ သေတာက ၁၅ ကျော်ကျော်ပေါ့နော်၊အနာဖြစ်တာနဲ့ သေတာတွေဆို ဆုံးရှုံးသွားတာ အားလုံးပေါင်းဆိုရင်တော့ ၅၀ ကျော်တော့ ရှိတာပေါ့နော်။”လို့ မွေးမြူထားတဲ့ဝက် သေဆုံးသွားတဲ့ စစ်ရှောင်တဦးက ပြောပါတယ်။

စစ်ဘေးရှောင် အများစုဟာ အလုပ်အကိုင် မရှိတဲ့အတွက် တပိုင်တနိုင် ဝက်မွေးမြူရေး လုပ်ဆောင်နေကြတာပါ။ ဝက်ရောင်းပြီး စားဝတ်နေရေးအတွက် အားထားရတာဖြစ်လို့ အခုလို ဝက်သေဆုံးသွားတာတဲ့အတွက် စားဝတ်နေရေးကိုပါ ထိခိုက်လာတယ်လို့ ဆိုပါတယ်။

“ကျမဆို မွေးထားတာလည်း ကြာနေပြီလေးနော်။ဟို့…လျားမိုး စစ်ရှောင်ကတည်းက မွေးထားတာ ၂ နှစ်နီးပါးပေါ့။ နည်းနည်းကြီးခိုင်းအုံးမယ် ထင်မိတာပေါ့။ ဒီမှာယူလာတာနဲ့ အစာမစားတာ ၂ ရက် လောက်ပဲ ရှိသေးတယ်။သူ့ ခြံနားမှာ မီးမွေးထားပေးတာ အဲ့ဒါနဲ့ပဲ သေသွားတယ်။ တခါတည်း သုံးကောင်တောင်မှ သေသွားတယ်။”လို့ ဝက်မွေးမြူထားတဲ့ ဒေါ်ကိုမာက ပြောပါတယ်။

ဝက်တွေဟာ စစ်ရှောင်စခန်းတွင်း လက်နက်ကြီးနဲ့ ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲပြီးတဲ့နောက်ပိုင်း သေဆုံးမှု များပြားလာတာကြောင့် အဆိပ်ငွေ့သင့်တာလို့ သံသယရှိကြောင်းကိုလဲ စစ်ဘေးရှောင်တွေက သုံးသပ်ပြောဆိုထားကြပါတယ်။

“တခါတလေလည်း အဆိပ်ငွေ့ကြောင့်လည်း ဖြစ်နိုင်တယ်၊ သူ့ရောဂါနဲ့သူလည်း ဖြစ်နိုင်တယ်။ ဝက်သိပ်မရှိတော့ဘူး ကြောက်ဆဲနေဆဲ ဖြစ်နေကြတယ်။ အကုန်လုံး ရောင်းကုန်ကြတာပေါ့နော်။ မထားရဲတော့ဘူး စျေးပေါပေါနဲ့ ရောင်းလိုက်တာမျိုးလဲ ရှိတာပေါ့။ ဝက်တွေက သူတို့ရောဂါက ဘာလဲဆိုတာ သိဖို့အရေးကြီးတယ်။” လို့ နောက်ထပ် စစ်ရှောင်အမျိုးသားတဦးက ပြောပါတယ်။

ဝက်ကောင်ရေ သေဆုံးမှုများတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ချိတ်ဆက်သိရှိနိုင်ဖို့၊ တိရိစ္ဆာန်တွေ ဆေးကုသမှုရရှိဖို့ စတာတွေကို စစ်ဘေးရှောင်နဲ့ ဒေသခံလူထုတွေက မျှော်လင့်နေကြပါတယ်။

ကြက်၊ဝက် သေဆုံးမှုတွေ နှစ်စဥ်ရှိနေပေမယ့် ယခုတခါ ဝက်အနာကျသေဆုံးမှု လက္ခဏာမှာ အစာမစားပဲ သေဆုံးတာတွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ထျေးလျားမိုး စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၉၀ ကျော် ရှိပြီး လူဦးရေ ၄၀၀ ကျော် နေထိုင်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ