ကန္တာရဝတီတိုင်း (မ်)
နှစ်သစ်ရဲ့ နွေဦးလေညင်းက ငြင်သာစွာတိုက်ခတ်လာနေပေမဲ့ လေညင်းနဲ့အတူပျံ့လွှင့်လာတဲ့ သတင်းတွေကတော့ လူတွေကို စိုးရိမ်စရာတွေပဲ ပုံပေးနေပါတယ်။
ငါးနှစ်ကြာ တောတောင်ထဲမှာ နေရတဲ့ ကရင်နီစစ်ဘေးရှောင်လူထုတွေရဲ့ ‘နှစ်သစ်မှာ အိမ်ပြန်ရဖို့နီးပြီ’ ဆိုတဲ့မျှော်လင့်ချက်ကို မကြာခဏ မြင်ရ၊ ဖတ်ရ၊ ကြားရတဲ့ သတင်းတွေကြောင့် “ငါလုံခြုံပါ့မလား” ဆိုတဲ့မေးခွန်းနဲ့ အကြိမ်ကြိမ် ရိုက်ချိုးခံနေရပါပြီ။
၂၀၂၆ ခုနှစ်ရဲ့ နှစ်ဦးပိုင်းမှာပဲ ကရင်နီပြည်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ လူသတ်မှု၊ ဇန်နဝါရီလ ၁၄ ရက် သေနတ်ထောက် ဓားပြတိုက်မှု၊ ဇန်နဝါရီလ ၁၈ အကျဥ်းသား ၉၀ ဝန်းကျင်ထောင်ဖောက်ထွက်ပြေးမှု စတဲ့သတင်းတွေက နှစ်သစ်ရဲ့ ပထမလကို လွှမ်းမိုးနေတာပါ။
ဒီသတင်းတွေကနေတဆင့် စစ်ရှောင်တဦးဖြစ်တဲ့ ဒေါ်မာ (အမည်လွှဲ) က သူမရဲ့ မလုံခြုံတော့တဲ့ ဘဝအခြေအနေကို ပိုပြီးသတိထားမိစေပါတယ်။
မိသားစုနဲ့အတူအိမ်ပြန်ရဖို့အမြဲမျှော်လင့်နေတဲ့ ဒေါ်မာက လမ်းသွားလမ်းလာ မျက်နှာစိမ်း မြင်ရင် သံသယစိတ်နဲ့ စူးစိုက် ကြည့်နေတတ်ပါတယ်။ သူစိမ်းတယောက်ဆီကနေ အန္တရာယ် ပြုခံရမှာကို ကြောက်နေတာပါ။
“အခုနောက်ပိုင်းဆို အတွေးပေါ့နော။ လက်နက်တွေပါသင့်လား (ဆောင်ထားသင့်လား) အဲလောက် ထိတောင် တွေးမိတယ်။ အကယ်လို့ ကိုယ့်ကို ရန်လုပ်ရင်တော့ ပြန်လုပ်လို့တော့ရမယ်ထင်တယ်” လို့ ဒေါ်မာက ပြောပါတယ်။
ဒေါ်မာရဲ့နေအိမ်ကနေ ၂၅ မိနစ်လောက် ဆိုင်ကယ်မောင်းလိုက်ရင် သူ စတားလင့်အင်တာနက် သုံးနေကျ နေရာလေးကိုရောက်ပါတယ်။
သူလုပ်နေတဲ့ အသေးစား အရောင်းအဝယ်လုပ်ငန်းရဲ့ သဘောသဘာဝအရ ဖောက်သည်တွေနဲ့ အွန်လိုင်းမှာ စကားပြောဖို့လိုတာကြောင့် အင်တာနက်လိုင်းရှိရာကို အမြဲသွားနေရပေမဲ့ စိတ်ကတော့ အိမ်မှာကျန်ခဲ့ပုံပါပဲ။
စစ်အာဏာသိမ်းလိုက်တော့ CDM လုပ်ရှားမှုမှာပါဝင်ပြီးတဲ့နောက် မိသားစုရပ်တည်ရှင်သန်ဖို့အတွက် ဒေါ်မာ ကြိုးစားရှာဖွေ၊ စုဆောင်းထားတဲ့ ပစ္စည်းဥစ္စာကို အိမ်မှာချန်ခဲ့ရလို့ပါ။
“အခြေနေက ဒီလိုဖြစ်နေတော့ အိမ်မှာထားခဲ့မယ်ဆိုလည်း စစ်ရှောင်ဖြစ်နေတော့ အခုလောလောဆယ် အရင်ကထက်ပိုများတော့ ကြောက်ရတာရယ်၊ ပြီးတော့ လက်ထဲယူသွားမယ်ဆိုလည်း ကိုယ်က အန္တရာယ်ပြုခံရမှာလည်း ကြောက်တယ်ပေါ့နော” လို့ ဒေါ်မာက ဆိုပါတယ်။

ဒေါ်မာက အသက် ၃၀ ကျော်အရွယ်သာရှိပါသေးတယ်။ အိမ်ထောင်ပြုထားတာမကြာသေးသလို သားသမီးတွေလည်း မထွန်းကားသေးပါဘူး။
ဒေါ်မာနေတဲ့ မြို့နယ်ကနေ နောက်ထပ် စီးပွားရေးအချက်အချာကျတဲ့ လူစည်ကားတဲ့ မြို့နယ်တခုဆီရောက်ဖို့ အချိန် ၂ နာရီခွဲ ကြာသွားရတဲ့ တောင်ကြားလမ်းကို သူမ တယောက်ထဲ သွားလေ့ရှိပါတယ်။
အရင် နိုင်ငံရေးအခင်းအကျင်းကောင်းနေစဉ်အချိန်လိုမျိုး မိန်းလမ်းမကြီးတွေအတိုင်းသွားရင် ဘာမှပြောစရာမလိုအောင်ကို လွယ်ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်မှာ စစ်ပွဲတွေကြောင့် တောလမ်းကိုပဲရွေးချယ် သွားရတာပါ။
“သူခိုး၊ ဓားပြလည်းကြောက်တယ်။ စစ်သား(စစ်ကော်မရှင်တပ်သား) လည်း တအားကြောက်တယ်” လို့ ဒေါ်မာက ပြောပါတယ်။
ဒေါ်မာ သွားလာနေတဲ့ အဲဒီတောလမ်းက စစ်ပွဲနဲ့ ဝေးပြီး အန္တရာယ်ကင်းတယ် ဆိုပေမဲ့ လူသွားလူလာတွေ ပြတ်တဲ့အပြင် ရွာ တရွာနဲ့ တရွာက အတော်လှမ်းပါတယ်။ အခုတော့ အဲဒီလမ်းကို သွားနေကျ ဒေါ်မာက တယောက်ထဲသွားဖို့ နှစ်ခါပြန်တွေးနေရပါပြီ။
အရင်စိုးရိမ်မှုဖြစ်တဲ့ “စစ်ကြောင်းနဲ့ဝေးရင်ရပြီ” ဆိုတဲ့အတွေးကနေ အခုတော့ ဓားပြမှု၊ လူသတ်မှုတွေကြောင့် လမ်းခရီးမှာဆုံတဲ့ ခရီးသွား အချင်းချင်းကြားမှာတောင် ကျီးလန့်စာစားနေရသလို ခံစားလာနေရပါပြီ။
အင်တာနက်သုံးရဖို့ ၂၅ မိနစ်ကြာခရီးကို သွားပေမဲ့ စတားလင့်အင်တာနက်ရှိရာ ဆိုင်ရောက်သွားရင်လည်း အွန်လိုင်းလောင်းကစားဂိမ်းတွေကို အသည်းအသန်ဆော့နေကြတဲ့ လူငယ်၊ လူလတ်အရွယ်တွေကို တွေ့ရပြန်တော့ ဒေါ်မာရဲ့ စိတ်ကတခါ အလိုလို လေးပင်လာပြန်ပါတယ်။
ကရင်နီမှာ ကြားနေရတဲ့ လုယက်ခိုးယူမှု၊ သတ်ဖြတ်မှုတွေက အွန်လိုင်းလောင်းကစားကနေစတယ်လို့ သူမ ယုံကြည်ထားတာပါ။
“ဥပဒေ အတည်ရေးဆွဲနိုင်မယ်။ လက်တွေ့လုပ်နိုင်မယ်ဆိုရင် ပိုပြီးတော့ စိတ်ချရမယ်ထင်တယ်” လို့ ပြောတဲ့ ဒေါ်မာက တရားဥပဒေစိုးမိုးမှုအောက်ကနေ စိတ်၊ခန္ဓာ လုံခြုံမှုရခဲ့တဲ့ အရင်အချိန်တွေကိုတောင် မေ့လုနီးနီးဖြစ်နေပါပြီ။
ဒါပေမဲ့ တရားဥပဒေအတိုင်း ဆောင်ရွက်ဖို့ဆိုတာ တိုင်းရင်းသားဒေသတွေမှာ အရင်ကတည်းက ရှားပါးခဲ့သလို အခု ကြားကာလမှာ ပိုလို့တောင်ခက်ခဲလာပါတယ်။
ကရင်နီပြည်က စစ်ဘေးရှောင်အများစုဟာ ဒေသတွင်းက ဒုစရိုက်ကျူးလွန်မှုတွေကြား မိမိဘဝရပ်တည်ရေးအတွက် ရုန်းကန်နေကြရတာပါ။
“စစ်ရှောင်နေတဲ့ အချိန် တွေမှာလည်း သူတို့ ဘေးမှာဆို မူးယစ်ဆေးဝါး သောက်စားတာမျိုးတို့၊ မလုံခြုံနိုင်တော့တဲ့ အခြေအနေမှာ ဆိုရင်တော့ ဟို ဒါက အကြမ်းဖက်မှုကို ဖြစ်စေတဲ့ ပထမ တချက် ဖြစ်တယ်ပေါ့နော်။” လို့ ကရင်နီပြည်ဥပဒေပြုရေး အဖွဲ့ဝင် မော်မိုးမြာက ကန္တာရဝတီတိုင်း(မ်)နဲ့ ပြုလုပ်ခဲ့တဲ့ အမျိုးသမီးစကားဝိုင်းတခုမှာ ပြောဆိုခဲ့ဖူးပါတယ်။
ဒါပေမဲ့လည်း တရားဥပဒေကသာ သူ့ရဲ့ လုံခြုံရေးကို အထောက်အကူပေးနိုင်မယ်လို့ ယုံကြည်ထားတဲ့ နောက်ထပ် စစ်ရှောင်အမျိုးသမီးတဦး ရှိနေပါတယ်။
သူကတော့ ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ ၅ နှစ်နီးပါး စစ်ဘေးရှောင်နေရတဲ့ အမျိုးသမီးတဦးဖြစ်ပြီး လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်တာကိုပဲ လုံခြုံမှုရှိတဲ့ ရပ်ဝန်းတခုလို့ ယုံကြည်ထားတာပါ။
“လွတ်လွတ်လပ်လပ် သွားလာရဲတယ်။ သွားလာလို့ရတယ်။ ပြီးတော့မှ လွတ်လွတ်လပ်လပ် ပြောရဲ ဆိုရဲရတဲ့ လုံခြုံမှုတခုပေါ့နော” လို့ အဲဒီအမျိုးသမီးကပြောပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် လွင့်ပါသွားရတဲ့ ပြည်နယ်ရဲ့ တရားဥပဒေစိုးမိုးမှုဟာ အာဏာသိမ်းပြီးနောက် တဖန်ပေါ်လာတဲ့ ကြားကာလအုပ်ချုပ်ရေးကာလမှာ အသစ်က ပြန်စတင်ရတာကြောင့် ပြည်နယ်တခုလုံးကို လွှမ်းခြုံနိုင်ဖို့ဆိုတာ မလွယ်တဲ့ ကိစ္စဖြစ်တယ်လို့ အုပ်ချုပ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒေါ်မာအပါအဝင် အရပ်သားတွေပေါ်မှာ ဦးတည်လာနိုင်တဲ့ အန္တရာယ်ကို ကြားကာလအစီအမံနဲ့ ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်လို့ မရနိုင်ဘူးလို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
“အဓိကကတော့ စစ်ရေး နိုင်ငံရေးကြာလာတာနဲ့ အမျှ၊ လူမှုစီးပွားရေး ပျက်စီးမှုနဲ့အမျှ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုတွေနဲ့အမျှ ကတော့ ရာဇဝတ်မှုတွေ၊ တရားဥပဒေစိုးမိုးမှုတွေ စိန်ခေါ်မှုတွေ ပိုများလားစမြဲပဲပေါ့နော။ ကျနော်တို့တော့ ဒီဟာကိုလက်ခံထားတယ်” လို့ ဦးဗညားက ပြောပါတယ်။
ဖြစ်ပေါ်လာတဲ့ မှုခင်းတွေကို ကရင်နီပြည်ရဲတပ်ဖွဲ့ KSP နဲ့ သက်ဆိုင်ရာ နယ်မြေထိန်းချုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တို့က ပူးပေါင်းပြီး စစ်ဆေးအရေးယူတာတွေ လုပ်နေပါတယ်။
KSP ရဲ့ လေးနှစ်ပြည့်အစီရင်ခံစာအရ စစ်ကော်မရှင်နဲ့ သက်ဆိုင်တဲ့အမှု၊ လူသတ်မှု၊ မုဒိန်းမှု၊ လုယက်မှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးမှု၊ မူးယစ်ရမ်းကားမှု၊ လူကိုထိခိုက်နာကျင်စေမှု၊ ပစ္စည်းထိခိုက်ဖျက်ဆီးမှု၊ အိမ်တွင်းအကြမ်းဖက်မှု စတာတွေကို အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ပြောပေမဲ့ အသေးစိတ်အကြောင်းအရာကိုသိရဖို့ KSP နဲ့ စကားပြောရဖို့ သိပ်မလွယ်လှပါဘူး။

တပ်ဖွဲ့ကို တည်ထောင်ပြီး ၄ နှစ်အတွင်းမှာ ပြည်နယ်တခုလုံးကိုလွှမ်းခြုံနိုင်မဲ့ လူအင်အား၊ လက်နက်အင်အား လိုအပ်နေတယ်လို့တော့ KSPက ပြောထားပါတယ်။
ဒါ့ကြောင့်လည်း ဒေါ်မာနဲ့ သူ့နဲ့အတွေးတူ စစ်ဘေးရှောင်အမျိုးတို့နှစ်ယောက်က လတ်တလော တရားဥပဒေစိုးမိုးမှုလိုအပ်ချက် ရှိနေတဲ့အခြေအနေအပေါ်မှာ ကိုယ့်ကိုယ်ကို မထိခိုက်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို အလေးပေးတွေးလာနေကြပုံပါပဲ။
တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့ စစ်အာဏာသိမ်းကာလ ၅ နှစ်အတွင်း ဒေါ်မာရဲ့ ခန္ဓာက အကောင်းပကတိအတိုင်း ရှိနေသေးတာက စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှု၊ ပစ်ခတ်သတ်ဖြတ်မှုနဲ့ မြေမြှုပ်မိုင်းတွေရဲ့ ရန်ကို အစဥ်တစိုက်နားစွင့်ပြီး ဂရုစိုက်နေထိုင်လာခဲ့လို့ပါ။
ဒါပေမဲ့ အခုတော့ ကြားကာလအစိုးရ လက်အောက်မှာလိုအပ်ချက်ရှိနေသေးတဲ့ တရားဥပဒေစိုးမိုးမှုတွေအကြား မထိခိုက်အောင် ဘယ်လိုနေရမလဲ ဆိုတာကို စီစဥ်ဖို့လိုလာနေပြီလို့ ဒေါ်မာက ပြောပါတယ်။
ကန္တာရဝတီတိုင်း (မ်) ကလက်လှမ်းမီရရှိထားတဲ့စာရင်းအရ ကရင်နီမှာ ၂၀၂၅ ခုနှစ်အတွင်း လူသတ်မှု ၅ ခုဖြစ်ခဲ့ပါတယ်။ ၂၀၂၆ နှစ်စပိုင်းက ၁ မှုနဲ့ ပေါင်းရင်တော့ ၆ မှုရှိပြီးတော့ အမျိုးသမီးအမှု ၃ ခုပါပါတယ်။ ဒါပေမဲ့ အတည်မပြုနိုင်တဲ့ လူသတ်မှု၊ လူသေမှုတွေက ဒီထက်များနိုင်ပါသေးတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လူမှုစီးပွားရေး အကျပ်အတည်းတွေကြောင့် ဟိုးလေးတကျော် ဖြစ်လာတဲ့ အိမ်တွင်းအကြမ်းဖက်မှု၊ လုယက်မှု၊ နေအိမ်ဖောက်ထွင်းခိုးယူမှု တို့ကလည်း ကရင်နီမှာ မေ့ထားလို့မရတဲ့ ဆက်တိုက်ဖြစ်နေတဲ့ အမှုတွေပါ။
ကရင်နီပြည်ကို စစ်အာဏာသိမ်းပြီးနောက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့ Bottom-up federalism လို့ခေါ်တဲ့ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ဖက်ဒရယ်စနစ် စတင်အကောင်ထည်ဖော် ကျင့်သုံးနေတဲ့ ပြည်နယ်တခုလို့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းတွေက အသိမှတ်ပြု ထားခဲ့ကြပါတယ်။
“ဘယ်နေရာမှ မလုံခြုံဘူး” လို့ မာန်ပါပါနဲ့ ဒေါ်မာပြောနေပုံအရ သူချစ်ရတဲ့သူတွေနဲ့ အဆုံးသတ်မလှတဲ့ ဝေးခြင်းနဲ့ ဝေးရမှာကိုသူကြောက်နေပုံပါပဲ။
ကရင်နီပြည်က ဧရိယာအားဖြင့်ကြည့်ရင် မြန်မာပြည်မှာ အသေးဆုံး ပြည်နယ်တခုဖြစ်နေပေမဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေ ၅ ခု ထက်မကရှိနေပါတယ်။ သူတို့က IEC ရဲ့ အုပ်ချုပ်ရေးအဖွဲ့မှာ ရာခိုင်နှုန်းနဲ့ခွဲပြီး ပါဝင်ကြသလို သူတို့ ရဲ့ ထိန်းချုပ်နယ်မြေတွေမှာလည်း သက်ဆိုင်ရာ အစုအဖွဲ့က ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေလည်းရှိနေပါတယ်။
ဒါကို ဒေါ်မာ့လိုပဲ တခြား အရပ်သားတွေက ပြည်နယ်တခုမှာ အုပ်ချုပ်သူများတာက တရားဥပဒေစိုးမှုအတွက် စိန်ခေါ်ချက်တွေရဲ့ ပြဿနာအစဖြစ်တယ်လို့ ထင်မြင်ချက် ပေးလာနေကြပါတယ်။
ဒါပေမဲ့ ဒီစုပေါင်းအုပ်ချုပ်ရေးအပေါ်မှာ ယုံကြည်ချင်တယ်လို့ ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ ငါးနှစ်နီးပါး စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတဦးကတော့ ပြောလာပါတယ်။
“အဖွဲ့အစည်းတခုတိုင်းမှာ ဆိုလို့ရှိရင် သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေ အခွင့်ထူးတွေကတော့ ရှိတော့ရှိမယ်။ ဒါကြောင့်မို့လို့ အဖွဲ့အစည်းတခုနဲ့တခု လေးစားမှုရှိရင်တော့ သူတို့ရဲ့ လုပ်ငန်းတွေကို တဖွဲ့နဲ့ တဖွဲ့က လေးစားမှု ရှိမယ်။ ပူးပေါင်းမှုရှိမယ်။ စည်းလုံးမှု ရှိမယ်ဆိုရင်တော့ ပြည်သူတဦးအနေနဲ့ကတော့ လုံခြုံမှု ခံစားရမယ့် အနေအထားတခုရောက်မယ်လို့ အမ ထင်တယ်” လို့ စစ်ဘေးရှောင် အမျိုးသမီးတဦးက ပြောပါတယ်။
လက်ရှိ ကရင်နီလူထုတွေ့ကြုံနေရတဲ့ တရားဥပဒေစိုးမိုးမှု အားနည်းချက်ရဲ့ နောက်ဆက်တွဲစိုးရိမ်ပူပန်မှုတွေကို လျော့ချနိုင်ဖို့ကတော့ သက်ဆိုင်ရာ ကြားကာလအစိုးရရဲ့ အစီအမံတွေအပေါ်မှာလည်း မူတည်နေပါတယ်။
ဒေါ်မာ့လိုပဲ သာမာန်လူထုတွေက ခေတ်ပျက်ကြီးမှာ အသက်ရှင်ဖို့နဲ့ နေ့စဉ်လိုအပ်နေတဲ့ စားဝတ်နေရေး အတွက်ကိုပဲ ဦးစားပေးရုန်းကန်နေကြရချိန်မှာ လုံခြုံတဲ့လူနေမှုဘဝတခုကို ဘယ်သူက မတောင့်တပဲနေပါ့မလဲ။
ဒီလို ကြားမကောင်း၊ ရှုမကောင်းတဲ့ မှုခင်းတွေဆက်တိုက်ဖြစ်လာပုံနဲ့တော့ ဒေါ်မာတယောက် အပြင်သွားဖို့လိုလာရင် သူ့လုံခြုံရေးအတွက် အထောက်အကူပြုနိုင်မယ့် ခရီးသွားဖော်တယောက်ကို ထပ်တိုးခေါ် ရတော့မှာပဲဖြစ်ပါတယ်။





