spot_img
Homeသတင်းလေပြင်းတိုက်ခိုက်မှုကြောင့် ဆီးဆူ့တော် စစ်ရှောင်စခန်းက စာသင်ကျောင်းဆောင်နဲ့ တဲအိမ်တချို့ ပျက်စီး

လေပြင်းတိုက်ခိုက်မှုကြောင့် ဆီးဆူ့တော် စစ်ရှောင်စခန်းက စာသင်ကျောင်းဆောင်နဲ့ တဲအိမ်တချို့ ပျက်စီး

-

ကန္တာရဝတီတိုင်း ( မ် )

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့နဲ့ ၂၆ရက်နေ့က လေပြင်းတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ဆီးဆူ့တော် စစ်ရှောင်စခန်းက စာသင်ကျောင်းဆောင် နဲ့ တဲအိမ်တချို့ အမိုး ပျက်စီးခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

မိုးရွာ ၊ လေပြင်းတိုက်ခိုက်တာကြောင့် ခေါင်မိုး လွှင့်စင်ခဲ့ပြီး လက်ရှိမှာ ပြန်လည် လုပ်ဆောင်ဖို့ အကူအညီလိုအပ်နေတယ်လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။

“လေတိုက်တာကြောင့်ဖြစ်တာပေါ့။‌ နွေရာသီ ကျောင်းမပိတ်ခင်တုန်းကဆို မိုးကာတွေလည်း ပြဲကုန်ပြီ။ မိုးရာသီဆိုလည်း အဆင်မပြဘူး မိုးရွာရင်မိုးယို။ အခု နွေရာသီလဲ ရောက်လာတော့ လေတိုက်တော့ အကုန်လုံးလှန်ကုန်တယ်” လို့ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

နွေရာသီကာလအတွင်း ကလေးတွေကို စာသင်ကြားလျက်ရှိပြီး ကျောင်းဆောင် ခေါင်မိုး ပျက်စီးသွားတာကြောင့် မိုးရွာသွန်းတဲ့အချိန် စာသင်ချိန်ကို ရပ်နားထားရတယ်လို့ အဆိုပါ ကျောင်းဆရာမက ဆက်ပြောပါတယ်။

“ဘတ်ဂျက် ( ငွေကြေး )မှ မရှိတာ။‌ ငွေရေးကြေးရေးလဲ အဆင်မပြေ ပြီးတော့ အလှူရှင်လည်း မရှိတော့။ ပြန်‌ဆောက်ဖို့လဲ အဆင်မပြေသေးဘူး။ သစ်ကစ၊ ဝါးကစ အကုန်လုံးလိုတယ်။ အကုန်လုံးပြန်ပြုပြင်ရမယ့် သဘောရှိတယ်” လို့ သူက ဆိုပါတယ်။

လေပြင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆောင် ၊ တဲအိမ် အမိုးလှန်ပျက်စီးတာ ဆီးဆူ့တော် စစ်ရှောင်စခန်းတခုတည်းမဟုတ်ဘဲ တခြား စစ်ရှောင်စခန်းက တဲအိမ်တချို့လည်း ပျက်စီးမှုရှိခဲ့ပါတယ်။

ယခုဧပြီလအတွင်း ကရင်နီပြည်က နေရာဒေသတချို့မှာ မိုးကြီးတာ ၊ လေပြင်းတိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်စခန်းတချို့က ဆေးပေးခန်း ၊ စာသင်ကျောင်းဆောင် ၊ တဲအိမ် အလုံးရေ ၅၀ ကျော် ပျက်စီးမှုရှိခဲ့ပြီး အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဓါတ်ပုံ – ကန္တာရဝတီတိုင်း ( မ် )

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ