ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဧပြီလ ၂၃ ရက် ၊ ၂၅ ရက်နေ့အတွင်း ပြည်သူ ၄ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG) ဆီကနေ သိရပါတယ်။
“အသေးစိတ်ဆိုရင်တော့ ဧပြီ၂၃ ရက်နေ့ ညနေ ၆ နာရီခွဲမှာကတော့ လက်နက်ကြီးပစ်လာတဲ့ အတွက်ကြောင့်မို့လို့ ယောကျ်ားလေးပေါ့နော ၁၇ နှစ်တစ်ယောက်ဆုံးသွားပြီးတော့ နေအိမ်တစ်လုံးပျက်သွားတယ်ဆိုတဲ့ဟာကို ကျမတို့မှတ်တမ်းတင်ထားတာရှိတယ်။ ကျမတို့သွားကြည့်ထားတာရှိတယ်။ နောက်တစ်ခုကတော့ ၂၅ ရက်နေ့ပေါ့နော ၁၀ နာရီလောက်မှာ စစ်ကောင်စီတွေက အသေခံဒရုန်းနဲ့ ကြဲချတဲ့အတွက်ကြောင့်မို့လို့ သေဆုံးတဲ့လူ ၃ ယောက်ရှိတယ်။ ယောက်ျားလေး ကလေး ၁ ယောက်ရှိမယ်။ လူကြီး ၁ ယောက်ရှိမယ်။ ပြီးတော့ မိန်းကလေး ကလေး ၁ ယောက်ရှိမယ်ပေါ့နော။ စုစုပေါင်းကတော့ သေဆုံးတဲ့လူတွေကတော့ ၃ ယောက်ရှိမယ်။ နောက်ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့လူတွေကတော့ ကျား ၂ ယောက် ရှိမယ်ပေါ့နော။ စုစုပေါင်းက ထိခိုက်သေဆုံး ၃ ယောက်နဲ့ ဒဏ်ရာရ ၂ ယောက်ဆိုတော့ ၅ ယောက်ပေါ့နော။”လို့ KnHRG တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသား ၃ ဦး ၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ နှစ်ဦးကတော့ လက်ရှိမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်အခြေစိုက်တပ်ရင်းကနေ လူထုတွေရှိတဲ့ကျေးရွာအတွင်းကို တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။
တိမ်းရှောင်ကြတဲ့ လူထုအတွက် လိုအပ်ချက်တွေ များပြားနေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ နန်းမယ်ခုံ အားမန်သစ် ပရဟိတအသင်းဝင်တစ်ဦးက အခုလိုပြောပါတယ်။
“တိမ်းရှောင်ကြတဲ့ လူထုအခြေအနေကတော့ အကူအညီအထောက်ပံ့တွေ လိုအပ်ကြတယ်ပေါ့နော်။ လူဦးရေအားဖြင့်တော့ ၁၅၀၀ ဝန်းကျင်လောက်ရှိမယ်။”လို့ နန်းမယ်ခုံ အားမန်သစ် ပရဟိတအသင်းဝင်တစ်ဦးက ဆိုပါတယ်။
ရှမ်း – ကရင်နီနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက လက်နက်ကြီး ၊ ဒရုန်းနဲ့ ရမ်းသန်းပစ်ခတ်မှုတွေကြောင့် ဒေသခံတွေဟာ လုံခြုံရေး စိုးရိမ်ပူပန်ကြပြီး စိုက်ပျိုးထားတဲ့ လယ်ယာစပါးကို ချန်ရစ်တာ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။






