spot_img
18 C
Loikaw
Tuesday 27, January 2026
spot_img
Homeဆောင်းပါးကရင်နီပြည်နယ်တပ်(UKSA) ဘယ်လဲ၊ ဘာလဲ။ အပိုင်း ( ၃ )

ကရင်နီပြည်နယ်တပ်(UKSA) ဘယ်လဲ၊ ဘာလဲ။ အပိုင်း ( ၃ )

-

ခွန်းရွှေခန့်

ကရင်နီပြည်နယ်တပ် မဖွဲ့နိုင်ရင်ဘာအကျိုးဆက်တွေရှိမလဲ။

ကရင်နီပြည်မှာ တပ်တစ်ခုတည်းဖြစ်ရေးကိစ္စ မအောင်မြင်ရင် ဘာတွေဖြစ်လာမလဲ။ တပ်တစ်ခုတည်းမဖွဲ့နိုင်ရင်တော့ ကြုံတွေ့ရမဲ့ အကျိုးဆက်တွေကို ရှုထောင့်ပေါင်းစုံကနေ သုံးသပ်ကြည့်လို့ရပါတယ်။

စစ်ရေးအခြေအနေအပါ်သက်ရောက်မှု

လက်ရှိ ကရင်နီပြည်နယ်ရဲ့ စစ်ရေးအခြေအနကို ကြည့်လျှင် JCS ရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်နေတာပါ။ ထင်သာမြင်သာရှိတဲ့ အောင်မြင်မှုတွေရရှိနေတယ် ဆိုပေမယ့်၊ စိန်ခေါ်မှုအခက်အခဲတွေလည်း အများကြီးရှိပါတယ်။ ကာကွယ်ရေးအသုံးစရိတ်တွေကို အဖွဲ့တွေ သီးခြားစီခွဲပေးရတာကြောင့် ဘဏ္ဏာငွေခေါင်းကွဲတာကအစ၊ စစ်ရေးမဟာဗျူဟာ ကို အကောင် အထည်ဖော် ဖို့ အဖွဲ့ပေါင်းများစွာကို ညှိနှိုင်းကွပ်ကဲရတဲ့ အခက်အခဲတွေအဆုံး ကြုံတွေ့နေရပါတယ်။ တပ်အင်အားအများအပြားရှိပေမယ့်လည်း တစ်စုတစ်စည်တည်း အမိန့်ပေးကွပ်ကဲနိုင်မှု မရှိတာက စစ်အနိုင်တိုက်ရေးအတွက် အဓိက စိန်ခေါ်မှုဖြစ်ပါတယ်။

တပ်ပေါင်းစုမှု သဏ္ဌာန် (သို့) JCS စုဖွဲ့မှုနဲ့ ဆောင်ကျဥ်းပေးနိုင်တဲ့ စစ်ရေးအောင်မြင်မှုနဲ့ နယ်မြေစိုးမိုးမှုဟာ အကန့်အသတ်ရှိပြီး ဒီထက်ပိုတဲ့ စစ်ရေးအောင်မြင်မှုကို ဆောင်ကျဥ်းပေးဖို့အတွက် အခွင့်အလမ်းနည်းပါးနေပါတယ်။ ဆိုလိုချင်တာက လက်ရှိ စစ်ရေးအောင်မြင်မှု (ဒါမှမဟုတ်) လက်ရှိ အနေအထားကို ရေရှည်ထိန်းထားဖို့က လက်ရှိတပ်ပေါင်းစု အနေအထားနဲ့ခက်ခဲမှာဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ အခုချိန်မှာ အင်အားပြန်လည်စုစည်းနိုင်ပြီးတော့ ကရင်နီပြည်ထဲက ရှမ်းတောင်ကနေ တောက်လျောက် ပြန်လည်ထိုးဖောက်လာတာဟာ အခုဆိုရင် ဘောလခဲနဲ့ ဖားဆောင်းအကြားအထိ ရောက်ပြီးဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ၁၁၁၁ စစ်ဆင်ရေးမှာ ဖယ်ခုံ၊ မိုးဗြဲ၊ လိုင်ကော်၊ ဒီးမော့ဆို စတဲ့မြို့နေရာတော်တော်များများကို တော်လှန်ရေးဘက်က ထိန်းချုပ်ထားနိုင်ရာကနေ အခုဆို မြို့ဧရိယာကို ပြန်လည်စွန့်လွှတ်ရတာသာမက မြို့မဟုတ်တဲ့ တောထဲတောင်ထဲ အထိတောင် စစ်ကော်မရှင်တပ် ပြန်လည်စစ်ထိုးလာနိုင်ပြီဖြစ်ပါတယ်။ စနစ်တကျ တပ်စုဖွဲ့မှုနဲ့ မဟာဗျူဟာကျ စစ်ရေးကို အကောင်အထည်မဖော်နိုင်ရင် စစ်ရေးအခြေအနေက ပိုဆုတ်ယုတ်ဖို့ဘဲရှိပါတယ်။

ညီညွတ်တဲ့ တပ်မဖွဲ့စည်းနိုင်ဘူး၊ ရန်သူကိုညီညီညွတ်ညွတ်မတိုက်နိုင်ဘူး ဆိုရင် ရန်သူအသာစီးရပြီးတော့ စစ်ရေးဆုတ်ယုတ်မှာဖြစ်ပါတယ်။ စစ်ရေးဆုတ်ယုတ်ရင်တော့၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး ဘယ်ကဏ္ဍမှ ဆက်လုပ်လို့ရမှာမဟုတ်တော့ပါဘူး။ စစ်ရေးအောင်မြင်မှုက အခြားကဏ္ဍတွေ အားလုံးအတွက် အခရာကျပါတယ်။

နယ်မြေအငြင်းပွားမှုနှင့် အကျိုးစီးပွားပဋိပက္ခ

ကရင်နီပြည်မှာ တော်လှန်ရေးတပ် အမျိုးအစားအားဖြင့် အနည်းဆုံး ( ၅) မျိုးရှိပါသည်။ ၁) EROsများ၊ ၂) ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (KNDF,Local PDFs)၊ ၃) NUG MOD PDFs၊ ၄) MOD PDF လည်းမဟုတ် Local PDF လည်းမဟုတ် တဲ့ အဖွဲ့ငယ်လေးများ၊ ၅) စစ်ကောင်စီကို တော်လှန်ခြင်းမရှိသော အဖွဲ့အစည်းများ၊ စသဖြင့် ခွဲခြားလို့ရမှာဖြစ်ပါတယ်။

ဒီထဲမှာမှ အမျိုးစား (၁) (၂) နှင့် (၃) အကြောင်းကို ဘဲ အဓိက စောင်းပေးသွားမှာဖြစ်ပါတယ်။
အမျိုးအစား (၁) ကတော့ ERO လို့ခေါ်တဲ့ အရင်ကတည်းက တော်လှန်ရေးလုပ်လာတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း (၇၀)(၅၀),(၃၀),(၂၀) စသဖြင့် သက်တမ်းရှိကြပါတယ်။ အများအားဖြင့် တိကျခိုင်မာသော နိုင်ငံရေးမူဝါဒများရှိကြတယ်။ ၂၀၂၁ မတိုင်ခင်ကတည်းက ထိန်းချုပ်နယ်မြေသတ်မှတ်မှုတွေရှိတယ်။ နယ်မြေအတွင်းမှာ အုပ်ချုပ်ရေး ယန္တရားတည်ဆောက်တာတွေ၊ အခွန်ကောက်ခံတာတွေ၊ သယံဇာတထုတ်တာတွေ၊ စသဖြင့် အကျိုးစီးပွားဆက်နွယ်တဲ့ကိစ္စတွေရှိတယ်။ အရိုးသားဆုံးပြောရရင် ထိန်းချုပ်နယ်မြေနဲ့ ဆက်စပ်ပြီးတော့၊ အကျိုးစီးပွားဆက်နွယ်မှုတွေအပြင်၊ အကဲဆတ်တဲ့ လူမျိုးရေးကိစ္စတွေ အထိရှိတယ်။ နိုင်ငံရေးကိစ္စတွေ အသာထား တပ်တစ်ခုတည်း မဖြစ်နိုင်ရင်တော့ ထိန်းချုပ်နယ်မြေ အငြင်းပွားမှုဆိုင်ရာကိစ္စတွေကတော့ တစ်နေ့မဟုတ်တစ်နေ့ပေါ်လာမှာဖြစ်တယ်။ နောက်ပိုင်း နယ်မြေနဲ့ဆက်စပ် ပြီး သယံဇာတထုတ်ယူတဲ့ကိစ္စတွေ၊ နယ်မြေဖြတ်သန်းတဲ့ကိစ္စတွေ စသည့် အကျိုးစီးပွား ဒါမှမဟုတ် စီးပွားရေးဆိုင်ရာ ထိပ်တိုက်တွေ့တဲ့ကိစ္စတွေဖြစ်လာမှာ မလွဲမသွေပါဘဲ။

တော်လှန်ရေးအဖွဲ့အစည်းတွေ အချင်းချင်းကြား၊ ပဋိပက္ခ ဖြစ်နိုင်သကဲ့သို့ တော်လှန်ရေးအဖွဲ့အစည်းနဲ့ ပြည်သူတွေ အကြားလည်း ထိပ်တိုက်တွေ့မှုတွေဖြစ်လာနိုင်ပါတယ်။ ဒီမှာ အကျိုးစီးပွားပဋိပက္ခရှိတယ်ဆိုတာကို ထောက်ပြလိုခြင်းသာဖြစ်ပြီး၊ မည်သည့် အဖွဲ့အစည်းကိုမျှ တိုက်ခိုက်ရေးသားလိုခြင်းမရှိပါ။

၂၀၂၁ ခုနှစ် နောက်ပိုင်းပေါ်လာတဲ့အဖွဲ့အစည်းတွေကိုကြည့်ရင်တော့ MOD အောက်မှာ ရှိတဲ့ အလယ်ပိုင်တိုင်းအဖွဲ့တွေ၊ နေပြည်တော် PDF တွေ ရှိသလို၊ Local PDFတွေနဲ့ ပြည်နယ်ကို အခြေပြုတဲ့ KNDF အဖွဲ့တွေရှိကြပါတယ်။ ဒီအဖွဲ့တွေ ကတော့ အနည်းဆုံး (၅) နှစ် သက်တမ်းရှိကြတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။။ ဒီအဖွဲ့တွေက နယ်မြေထိန်းချုပ်တဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အငြင်းပွားစရာရှိဘူးဆိုပေမယ့် လှုပ်ရှားနယ်မြေမှာ နီးစပ်ရာ ERO တွေနဲ့ မဟာမိတ်ထက်ပိုတဲ့ ဆက်ဆံရေးတွေရှိကြပါတယ်။ ဒီအဖွဲ့တွေကြားမှာ အကျိုးစီးပွားဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်လို့ အငြင်းပွားစရာမရှိဘူးလို့ ယေဘုယျပြောလို့ရပေမယ့်၊ သယံဇာတထုတ်တဲ့ကိစ္စတွေ၊ အခွန်ခွဲဝေတဲ့ကိစ္စတွေမှာတော့ ဒီအဖွဲ့တွေ ကလည်းပါဝင်ပတ်သက်လာပြီ ဖြစ်ပါတယ်။ သယံဇာတ ထုတ်တဲ့ကိစ္စတွေမှာ အဖွဲ့အစည်းအတွက်၊ တပ်ရင်းတပ်ဖွဲ့အတွက်ဘဲဆိုဆို၊ တသီးပုဂ္ဂလ အတွက်ဘဲဆိုဆို ဒီအဖွဲ့တွေ စတင်ပါဝင်ပတ်သက်လာပြီးဖြစ်ပါတယ်။

ဒါကြောင့် အကျိုးစီးပွားဆိုင်ရာကိစ္စတွေက ဒီအဖွဲ့တွေကြားမှာလား ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာနိုင်တယ်။ နောက်တခုက EROsတွေ အကြား နယ်မြေ (သို့) အကျိုးစီးပွားနဲ့ ဆိုင်တဲ့ပြသနာတွေဖြစ်လာ ရင် ၂၀၂၁ နောက်ပိုင်းပေါ်လာတဲ့ အဖွဲ့တွေက နီးစပ်ရာ ERO တွေနဲ့ ရပ်တည်ရမှု တွေလည်း ရှိပါတယ်။

ဒါကြောင့် တပ်တွေအားလုံးကို မစုစည်းနိုင်ရင် တပ်ဖွဲ့တစ်ခုချင်းစီက တပ်ဖွဲ့ရပ်တည်ရေး၊ စစ်အသုံးစရိတ်ရရှိရေးတွေ အတွက် လုံးပန်းကြရင်းနဲ့ အကျိုးစီးပွားဆိုင်ရာကိစ္စတွေပေါ်လာမယ်။ အကျိုးစီးပွားချင်း ထိပ်တိုက်တွေ့တာတွေဖြစ်လာမယ်။ ဒါဆိုရင်တော့ တော်လှန်ရေးအပေါ် သက်ရောက်မှု ကြီးကြီးမားမားရှိမှာဖြစ်ပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေ အကြား နယ်မြေစိုးမိုးမှုကိစ္စတွေ၊ အကျိုးစီးပွားဆိုင်ရာ အားပြိုင်မှုဆိုင်ရာကိစ္စတွေ ကလည်း ပြည်သူလူထုအပေါ် သက်ရောက်မှုများရှိပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ သယံဇာတထုတ်ယူတာနဲ့ ပတ်သက်လို့ ပြည်သူလူထုက ကန့်ကွက်တာတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထပ်နေတဲ့ (mixed control Area) ထိန်ချုပ်နယ် မြေတွေ ကြားမှာ အဖွဲ့တိုင်းကို အခွန်ပေးနေရတာတွေကြောင့် ပြည်သူလူထုအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်တာတွေလည်း အကျုံးဝင်ပါတယ်။ ပြည်သူလူထုနဲ့ထိတ်တိုက်တွေ့ရင်တော့ တော်လှန်ရေးအဖွဲ့အစည်းအတွက်လည်း အကျိုးမရှိသလို တော်လှန်ရေးအတွက်လည်း အကျိုးမရှိနိုင်ပါဘူး။

တရားဥပဒေစိုးမိုးရေးအပေါ် သက်ရောက်မှု

ကရင်နီပြည်တွင် တပ်ဖွဲ့များ များပြားတာနှင့်အမျှ တပ်ဖွဲ့ဝင်များ၏ လူမှုရေးဆိုင်ရာ ပြဿနာများကို အမြဲတမ်းလိုလို ကြားနေရပါသည်။ တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထု ဖြစ်သော ပြဿနာများ ရှိသလို တပ်ဖွဲ့ဝင်များ အချင်းချင်း ဖြစ်နေတာများလည်း ရှိပါသည်။ ပြဿနာတွေ ဖြစ်လာရင်လည်း အရပ်ဘက် တရားရုံးမှာ ရှင်းမလား၊ စစ်ဘက်ဆိုင်ရာ တရားရုံးမှာ ရှင်းမလား ဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါ။ များသောအားဖြင့် တပ်ဖွဲ့တွင်း တရားစီရင်မှုနဲ့ပဲ ပြီးသွားတာတွေ ရှိပါတယ်။ စစ်ဖက်ဆိုင်ရာ ဥပဒေများကို ပြဌာန်းပြီး ကျင့်သုံးတဲ့ အဖွဲ့တွေ ရှိသလို ဒီအတိုင်း အဆင်ပြေသလို စည်းကမ်းချက် သတ်မှတ်ပြီး အရေးယူတာတွေ လုပ်လေ့ ရှိကြပါတယ်။ ဆိုလိုချင်တာက အရပ်ဘက်နဲ့ တပ်ဘက် ပြဿနာ ဖြစ်ရင် အရပ်ဘက် တရားရုံးမှာ ရှင်းတာ မရှိသလောက် ဖြစ်ပြီး အရပ်သား ပြည်သူတွေအတွက် တရားမျှတမှု ရရှိရေးက သိပ်ကို အခွင့်အလမ်း နည်းပါးပါတယ်။ တနည်းပြောရရင် အရပ်ဘက်က လက်နက်ကိုင်သုံးရတဲ့ ဥပဒေတွေက တပ်ဖွဲ့အပေါ်ကို မသက်ရောက်တဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ဒီအချက်က တရားဥပဒေ စိုးမိုးမှုကို စိန်ခေါ်နေပါတယ်။

နောက်ပြီး တပ်ဖွဲ့ဝင် အချို့က လက်နက်ကိုင်ပြီး ရာဇဝတ်မှုတွေကို ကျူးလွန်နေတာမျိုး ရှိပါတယ်။ မူယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အပါအဝင်၊ ခိုးဆိုးလုနှိုက်မှု စတဲ့ ရာဇဝတ်မှုတွေမျာ ပါဝင်တာကိုလည်း ကြားနေရပါတယ်။ ဒီလိုအမှုကိစ္စတွေမှာ ပြည်သူတွေကော၊ ကရင်နီပြည်ရဲတပ်ဖွဲ့ KSP ကော သိနေကြပေမယ့် တိုင်ကြားတာ၊ အရေးယူတာတွေကို မလုပ်ရဲကြပါဘူး။ တပ်ဖွဲ့ဝင်တွေက ရာဇဝတ်မှု ကျူးလွန်လို့ ရဲက ဖမ်းရင်လည်း ရဲစခန်းများအထိ ဆိုင်ရာ အဖွဲ့အစည်း လူကြီးများက အင်အားသုံးပြီး ပြန်လည်ထုတ်ယူတာ၊ ရဲစခန်းတွေကို ဝင်စီးတာ၊ ဝိုင်းတာ၊ ခြိမ်းခြောက်တာတွေ လုပ်တာမျိုး ရှိခဲ့ပါတယ်။။ ဆိုလိုချင်တာက KSP က ဖော်ဆောင်နေတဲ့ တရားဥပဒေ စိုးမိုးရေးက တပ်ဖွဲ့ အချို့အပေါ် မသက်ရောက်နိုင်တဲ့သဘော ဖြစ်နေပါတယ်။

KSIP က ပြဌာန်းမယ့် စစ်ဖက်ဆိုင်ရာ အက်ဥပဒေတစ်ခုကို ကရင်နီပြည်မှာ လှုပ်ရှားနေတဲ့ တပ်ဖွဲ့တွေအားလုံးက တန်းတူညီမျှ လေးစားလိုက်နာနိုင်မှ တရားဥပဒေ စိုးမိုးမှုကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ တပ်ဖွဲ့တွေအားလုံးကို အရပ်သား အစိုးရရဲ့ ကြီးကြပ်မှုအောက်မှာ ထားရှိနိုင်မှသာလျှင် တရားဥပဒေ စိုးမိုးမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

နိဂုံး အနေနဲ့ပြောရရင် ပြည်နယ်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး အခြားစဉ်းစားစရာ ရှုထောင့်တွေ၊ ထည့်သွင်းစဉ်းစားစရာ ကိစ္စတွေ အများအပြား ရှိပါတယ်။ အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့တွေ အကြားမှာ နိုင်ငံရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေကတော့ အရမ်းကျယ်ပြန့်တဲ့အတွက် ထည့်သွင်းမရေးတော့ပါ။ ဒါပေမဲ့လည်း ပြည်နယ်ရဲ့ သမိုင်းကြောင်း၊ ERO တွေရဲ့ တော်လှန်ရေး ဖြတ်သန်းမှု သမိုင်းနဲ့ ခေတ်သစ် တော်လှန်ရေး၊ နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်နဲ့ ပေါင်းစပ်ပြီး ကရင်နီပြည်နယ်အတွက် အသင့်တော်ဆုံး ပြည်နယ်တပ်တခု ပေါ်ထွန်းရေးနဲ့ ပြည်နယ်တည်ဆောက်ရေးမှာ အဓိကကျတဲ့ ကာကွယ်ရေးကဏ္ဍကို ဘယ်လို ထမ်းပိုး ဆောင်ရွက်သွားမယ်ဆိုတာကို ညှိနှိုင်း အဖြေထုတ်ဖို့လိုအပ်နေပါတယ်။

ဤအတွေးအမြင်ဆောင်းပါးသည် သက်ဆိုင်ရာစာမူရှင်၏ အာဘော်သာ ဖြစ်ပါသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ