ကန္တာရဝတီတိုင်း(မ်)
ရှမ်း-ကရင်နီ နယ်စပ်အပါဝင် ကရင်နီပြည်မှာ စစ်ကော်မရှင်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီလအတွင်း အရပ်သားပြည်သူ ၄ဦး သေဆုံးခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ ပြုစုထားတဲ့ စာရင်းအရ သိရှိရပါတယ်။
သေဆုံးသူ ၄ ဦးထဲ အသက် ၇၀ ကျော်အရွယ်အမျိုးသမီးတဦး နဲ့ အသက် ၄၀ ဝန်းကျင် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးတို့အပါဝင် အမျိုးသား နှစ်ဦး ဖြစ်ပါတယ်။
သေဆုံးခဲ့သူတွေရဲ့ ဖြစ်စဥ်အသေးစိတ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က မော်ချီးဒေသအတွင်း ကျေးရွာတစ်ရွာမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတဦး ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်ကော်မရှင်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် ဖရူဆိုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး တဦး ထိမှန်သေဆုံးခဲ့တာပါ။
အလားတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ကျေးရွာတရွာကို ဒရုန်းဗုံးနဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသားတဦး ၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲအနောက်ဖက်ခြမ်းတနေရာမှာ လက်နက်ကြီး ထိမှန်မှုကြောင့် အမျိုးသားတဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီလအတွင်း စစ်ကော်မရှင်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ သေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရရှိတာ၊ လူထုနေအိမ် ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားပြည်သူတွေရှိရာ နေရာတွေကို လက်နက်ကြီးပစ်ခတ်တာ ၊ လေယာဉ်နဲ့ဗုံးကြဲတာတွေ စစ်ကော်မရှင်က လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ကရင်နီပြည်နဲ့ ကယန်းဒေသအတွင်းမှာတော့ စစ်ကော်မရှင် အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ နှစ်ကျော်အတွင်း စစ်အုပ်စုတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အရပ်သားပြည်သူ (၈၅၅) ဦးသေဆုံးခဲ့တယ်လို့လည်း မတ်လ ၁ ရက်နေ့မှာ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်ထားပါတယ်။




