Homeဆောင်းပါး“လေထုညစ်ညမ်းမှုက မမြင်နိုင်တဲ့အန္တရာယ်ပါ”

“လေထုညစ်ညမ်းမှုက မမြင်နိုင်တဲ့အန္တရာယ်ပါ”

-

ကန္တာရဝတီတိုင်း(မ်)

လေထုဟာ လူသားအပါအဝင် သက်ရှိတိရစ္ဆာန်နဲ့ အပင်တွေ အသက်ရှင်နေထိုင်ဖို့ အရေးကြီးဆုံး အရာတခုပါ။ ဒါပေမယ့် ယနေ့ခေတ်မှာ အဆိုပါ လေထုဟာ အကြောင်းအမျိုးမျိုးကြောင့် ညစ်ညမ်းမှုတွေဖြစ်လာပြီး သက်ရှိတွေအတွက် မမြင်နိုင်တဲ့ အန္တရာယ်တရပ်အဖြစ် ပြောင်းလဲလာနေပါတယ်။

လေထုညစ်ညမ်းမှုကို မျက်စိနဲ့ မမြင်နိုင်ပါဘူး။ နေ့စဉ်အသက်ရှူနေစဉ်အတွင်း လေထုနဲ့အတူပါလာတဲ့ ညစ်ညမ်းမှုတွေဟာ လူ့ကိုယ်ထဲကို အသက်ရှုလမ်းကြောင်းကတဆင့် ဝင်ရောက်လာပြီး ပြင်းထန်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေတာပါ။ ဒါကြောင့် လေထုညစ်ညမ်းမှုရဲ့ အန္တရာယ်တွေကို နားလည်သဘောပေါက်ဖို့က အလွန်အရေးကြီးလှပါတယ်။

နှစ်စဉ်ကမ္ဘာ့လူဦးရေ ၇ သန်းခန့်ဟာ လေထုညစ်ညမ်းမှုကြောင့် သေဆုံးစေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာလည်း လေထုညစ်ညမ်းစေတဲ့ အကြောင်းအရင်းများစွာရှိပြီး အခြေအနေအရပ်ရပ် စုပေါင်းမှုကြောင့် တနှစ်ပတ်လုံး လေထုညစ်ညမ်းမှုနှုန်းတွေ မြင့်မားနေတာပါ။ ရာသီဥတုအခြေအနေနဲ့ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် လေထုညစ်ညမ်းမှုနှုန်းဟာလည်း လအလိုက် ပြောင်းလဲမှုတွေရှိနေတဲ့အကြောင်း IQ Air (လေထုအရည်အသွေး အညွှန်းကိန်းတွေကို ဖော်ပြတဲ့ ဝက်ဘ်ဆိုက်) က ဖော်ပြထားပါတယ်။

၂၀၂၆ ခုနှစ်ရဲ့ ဖေဖော်ဝါရီအတွင်း IQ Air ရဲ့တိုင်းတာချက်အရ ရန်ကုန်မြို့ လေထုညစ်ညမ်းမှုဟာ ကမ္ဘာ့အဆင့် ၄ နေရာကို ရောက်ရှိခဲ့ပါတယ်။

လေထုညစ်ညမ်းမှုဆိုတာ လေထုအတွင်းမှာ မူလသဘာဝအခြေအနေထက် မလိုလားအပ်တဲ့ အမှုန်များ၊ မီးခိုးများ၊ အဆိပ်ဓာတ်ပါတဲ့ ဓာတ်ငွေ့များ ပိုများလာပြီး လူသားများ၊ သတ္တဝါများနဲ့ ပတ်ဝန်းကျင်အပေါ် ထိခိုက်စေနိုင်တဲ့ အခြေအနေကို ဆိုလိုတာပါ။

အဲဒီလေထုညစ်ညမ်းမှုက မမြင်ရတဲ့ အမှုန်အမွှားတွေ (PM2.5) ပါဝင်တတ်ပြီး လူ့ကိုယ်ထဲ ဝင်သွားပြီးမှပဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာပါတယ်။ အဲဒီအမှုန်အမွှားတွေဟာ လူသားတွေရဲ့ ခန္ဓာကိုယ်အတွင်းကို နှာခေါင်း၊ လည်ချောင်း၊ လည်ပြွန်၊ အဆုတ်နဲ့ အရေပြားကနေတဆင့် ဝင်ရောက်နိုင်ပြီး နောက်ဆုံးမှာ သွေးအတွင်းကို ဝင်ရောက်သွားပါတယ်။

ကိုယ်ခန္ဓာ ခံနိုင်ရည်အားစနစ်ရဲ့ တုံ့ပြန်မှုအပေါ်ဖြစ်စေပြီး ရောဂါဖြစ်စေနိုင်ပါတယ်။ လေထုညစ်ညမ်း ခြင်းဟာ မကူးစက်နိုင်တဲ့ရောဂါတွေနဲ့ ဆက်စပ်မှုရှိနေတာပါ။ ဥပမာ – နာတာရှည်ရောဂါခံစားရနေရသူ၊ လေဖြတ်ထားသူ၊ အဆုတ်ကင်ဆာဖြစ်နေသူ၊ နှလုံးသွေးကြောကျဥ်းရောဂါရှိသူတွေမှာ သေဆုံးမှုပိုမိုများစေ ပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်၊ ဆယ်ကျော်သက်နဲ့ ကလေးငယ်တွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ လေထုညစ်ညမ်းတာကြောင့် မှတ်ဉာဏ်ဖွံ့ဖြိုးမှု နှေးကွေးတာ၊ ရင်ကျပ်ရောဂါ၊ လေပြွန်ရောင်ရောဂါ၊ နမိုးနီးယားရောဂါနဲ့ တခြားအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

လေထုညစ်ညမ်းမှုဟာ အိမ်ပြင်ပပတ်ဝန်းကျင်တွေမှာ သာမက အိမ်တွင်းနေရာတွေမှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။ အိမ်ပြင်ပတွင် ဖြစ်ပေါ်စေတဲ့ လေထုညစ်ညမ်းမှုရဲ့ အဓိကအရင်းအမြစ်တွေကတော့ စက်တပ်ယာဉ်တွေကနေ ထွက်ရှိတဲ့ မီးခိုးငွေ့များ၊ ထင်းမီး၊ ဂက်စ်မီးနဲ့ အခြားလောင်စာများ မီးလောင်ရာကနေ ထွက်ရှိတဲ့ အခိုးအငွေ့တွေဖြစ်ပါတယ်။

အဲဒီအမှုန်အမွှားတွေဟာ မူလဖြစ်ပေါ်တဲ့နေရာမှသာမက၊ လေတိုက်နှုန်းနဲ့ လေလမ်းကြောင်းအခြေအနေအပေါ် မူတည်ပြီး အလွန်ဝေးကွာတဲ့ ဒေသများအထိ ပြန့်နှံ့သွားနိုင်ပါတယ်။

ဥပမာအားဖြင့် တောမီးလောင်ရာမှ ထွက်ရှိတဲ့မီးခိုးနဲ့ အမှုန်အမွှားတွေဟာ မိုင်ရာချီဝေးတဲ့ ဒေသတွေ အထိ ရောက်ရှိနိုင်ပြီး၊ လေတိုက်နှုန်းနည်းတာနဲ့ လေထုမလှုပ်ရှားတဲ့ အချိန်တွေမှာ အိမ်ပြင်ပ လေထု ညစ်ညမ်းမှု ပိုမိုမြင့်မားလာစေပါတယ်။

ဒါ့အပြင် အိမ်တွင်းလေထုညစ်ညမ်းမှုရဲ့ အဖြစ်များတဲ့ အရင်းအမြစ်တွေကတော့ ဆေးလိပ်မီးခိုးငွေ့တွေ၊ အသားတွေကြော်တာ (သို့မဟုတ်) မီးကင်တာ၊ ဖယောင်းတိုင် (သို့မဟုတ်) ဆီမီးထွန်းတာတွေ လည်း ပါဝင်ပါတယ်။

လေထုညစ်ညမ်းမှုကနေ ကာကွယ်နိုင်ဖို့ တတ်နိုင်သမျှ အိမ်တွင်းတွင်သာ နေထိုင်ရမှာဖြစ်ပါတယ်။ မဖြစ်မနေသွားရမယ်ဆိုရင် N95 မက်စ် (နှာခေါင်းစည်း)ကို အသုံးပြုသင့်ပါတယ်။ အမွှေးတိုင်၊ သစ်ရွက်၊ အမှိုက် စတဲ့ အရာတွေကို အိမ်တွင်း (သို့မဟုတ်) အများပြည်သူရှိတဲ့နေရာတွေမှာ မီးရှို့ခြင်းမပြုလုပ်သင့်ပါဘူး။

ဒီလိုလုပ်ခြင်းဖြင့် သင့်ကျန်းမာရေးကို ထိန်းသိမ်းနိုင်ပြီး လေထုညစ်ညမ်းမှုအန္တရာယ်များမှလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ကိုးကား – NUG website, WHO Myanmar facebook page.

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ