ကန္တာရဝတီတိုင်း (မ်)
ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် စက်တင်ဘာလကုန်ကတည်းက ကရင်နီပြည် ၊ ဘောလခဲမြို့ကနေ စစ်ဆင်ရေးဆောင်ရွက်ခဲ့ကြတဲ့ စစ်တပ်ရဲ့ “ရန်နိုင်မင်း” စစ်ဆင်ရေးပြန် တပ်သားတွေကို ဧပြီ ၁၄ ရက်နေ့မှာ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ စစ်အစိုးရပိုင် သတင်းတွေမှာ ပြောပါတယ်။
အဲ့ဒီတပ်သားတွေက ပင်လုံမြို့အခြေစိုက် အမှတ်(၅၁၃) ခြေမြန်တပ်ရင်းက တပ်သားတွေဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့မှာရှိတဲ့ နယ်မြေခံတပ်ရင်းမှာ ကြိုဆိုပွဲ ပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။
ဧပြီ ၁၃ ရက်နေ့ကလည်း မိုးဗြဲဒေသတစ်ဝိုက်မှာ တာဝန်ထမ်းဆောင်ပြီး ပြန်ရောက်ရှိလာတဲ့ တပ်သားတွေကို ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာရှိတဲ့ နယ်မြေခံတပ်ရင်းမှာ ဂုဏ်ပြုခဲ့ကြသလို ဒီးမော့ဆိုဒေသတစ်ဝိုက် တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်သားတွေကို ဖရူဆိုမြို့ရှိ နယ်မြေခံတပ်ရင်းမှာ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဘောလခဲမြို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ ကရင်နီပြည်က လွိုင်ကော်-ဘောလခဲ-ဖားဆောင်း ပြည်ထောင်စုလမ်းမကြီးမှာ စစ်တပ်ကား အဝင်အထွက်တွေရှိနေသလို အာဏာသိမ်းစစ်တပ်ဖက်ကလည်း ဖားဆောင်းမြို့ကို ပြန်လည်သိမ်းထားတယ်လို့လည်း ကြေညာထားပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်းမှာ ကရင်နီပြည်က ဒီးမော့ဆို ၊ ဖရူဆို ၊ နန်းဖဲ ၊ ဘောလခဲ ၊ ဖားဆောင်း နဲ့ မိုးဗြဲမြို့က နေရာတချို့ကို အာဏာသိမ်းစစ်တပ်ဖက်က ပြန်လည်ရထားတာပါ။
ရန်နိုင်မင်းစစ်ဆင်ရေး လှုပ်ရှားမှုရှိခဲ့တဲ့ ဖားဆောင်းမြို့ရဲ့ လက်ရှိအခြေအနေကတော့ အာဏာသိမ်းစစ်တပ်တွေက နေရာပြန်ရခဲ့ပေမယ့် လူထုတွေနေထိုင်ခြင်းမရှိဘူးလို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
“ဖားဆောင်းမြို့က သူတို့တစ်ဝက်ပိုင်၊ ကျနော်တို့ တစ်ဝက်ပိုင်တယ်လေးနော။ တပ်ရင်း တစ်ရင်းကျန်တာ မြို့လယ်မှာရှိတော့လည်း ကျနော်တို့က မြို့ပြင်မှာရထားပြီးတော့ ကျနော်တို့ မြို့လယ်ကိုမရသေးဘူးပေါ့နော။ နောက်ဆုံးသူတို့ပြန်လာတော့ အကုန်လုံးပြန်ရသွားတဲ့ ဟာပေါ့။ အဲ့မှာကတော့ ကျနော်တို့ လုံးလုံးသိမ်းထားပြီးသားကနေ သူတို့ပြန်ရတာမဟုတ်ဘူး။ သူတစ်ဝက်ကိုယ်တစ်ဝက် သိမ်းထားရာကနေ သူတို့ ပြန်ရတဲ့ဟာပေါ့” လို့ ဦးဗညားက ပြောပါတယ်။
စစ်ဆင်ရေးတာဝန်ကို ၂၀၂၃ ခုနှစ် မတ်လ ၂ ရက်မှာ စယူခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ လွိုင်ကော်ဒေသ၊ ဒီးမော့ဆိုဒေသ၊ လွိုင်လင်လေးဒေသနဲ့ မိုးဗြဲဒေသတွေမှာ စစ်ဆင်ရေး ဝင်ရောက်ခဲ့ကြပြီး နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးတာဝန်ကို ထမ်းဆောင်ခဲ့တယ်လို့ ပြောပါတယ်။ အဲ့ဒီနောက် ၂၀၂၅ ခုနှစ် ဧပြီလမှာ မိုးဗြဲဒေသဖက်မှာ စစ်ဆင်ရေးတာဝန်နဲ့ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ခဲ့တယ်လို့ စစ်အစိုးရ ပိုင်သတင်းတွေက ပြောထားပါတယ်။






