spot_img
Homeသတင်းဒီးမော့ဆိုအရှေ့ခြမ်းမှာ လေပြင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်နေအိမ် ၅လုံးထက်မနည်း ထပ်မံပျက်စီး

ဒီးမော့ဆိုအရှေ့ခြမ်းမှာ လေပြင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်နေအိမ် ၅လုံးထက်မနည်း ထပ်မံပျက်စီး

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်း စစ်ရှောင်စခန်းတနေရာမှာ ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့က လေပြင်းတိုက်ခိုက်ပြီး မိုးရွာသွန်းမှုကြောင့် စစ်ဘေးရှောင်တဲအိမ် ၅လုံးထက်မနည်း ထပ်မံပျက်စီးခဲ့တယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

လေပြင်းတိုက်ခိုက်မှုကြောင့် တဲအိမ်ပျက်စီးခဲ့သလို မျိုးစေ့မျိုးဆံလည်း မိုးစိုပြီး ပျက်စီးခဲ့တယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။

“ဒီရက်ပိုင်း လေအရမ်းတိုက်တယ်။ မိုးလည်း ရွာတယ်။ ပြီးခဲ့တဲ့ရက်ကပဲ နေအိမ်တွေ တော်တော်များများ ပျက်စီးခဲ့ပြီးပြီ။ ဒီနေ့လည်း လေတိုက်တာအပြင် မိုးတွေပါ ရွာတော့ နေအိမ်တချို့လည်း ပြိုလဲသွားတဲ့အပြင် စိုက်ပျိုး မျိုးစေ့ တချို့တွေလည်း မိုးစိုကုန်တာတွေ ရှိတယ်”လို့ သူက ပြောပါတယ်။

မိုးရွာသွန်းတာ ၊ လေပြင်းတိုက်ခိုက်တာတွေကြောင့် လမ်းအသွားအလာနေရာမှာလည်း သစ်ပင်လှဲတာ၊ လမ်းပိတ်တာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ယခုရက်ပိုင်းအတွင်း ကရင်နီပြည်က နေရာတချို့မှာ နေရာကွက်ကျားမိုးရွာတာ ၊ လေပြင်းတိုက်ခိုက်တာကြောင့် စစ်ရှောင်နေအိမ် အလုံးရေ (၅၀) ကျော် ပျက်စီးခဲ့ပြီး အကူအညီတွေ လိုအပ်နေကြပါတယ်။

တောတောင်အနီးအနားမှာ ဝါး ၊ မိုးကာ ၊ ထရံတွေနဲ့ ဆောက်လုပ်ထားတဲ့ တဲအိမ်တွေ ဖြစ်တာကြောင့်လည်း လေပြင်းတိုက်ခိုက်တဲ့အခါ အခုလို ပျက်စီးမှုတွေ များခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ စစ်ရှောင် အိမ်ခြေ ၂၅၀၀ ဝန်းကျင် ရှိပြီး လူဦးရေ ၁သောင်းကျော် ရှိနေပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ