spot_img
Homeဆောင်းပါးကရင်နီစစ်မျက်နှာပြင်က PNO တပ်လှုပ်ရှားမှု

ကရင်နီစစ်မျက်နှာပြင်က PNO တပ်လှုပ်ရှားမှု

-

ကန္တာရဝတီတိုင်း (မ်)

အာဏာသိမ်းစစ်တပ်နဲ့ ကာလရှည်ကြာစွာ နီးစပ်ဆက်နွှယ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုအဖြစ် နေလာခဲ့တဲ့ ပအိုဝ်းပြည်သူ့စစ် PNO/PNA (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်) တပ်က စစ်တပ်ရဲ့ စစ်ရေးဖော်ဆောင်မှုတွေနဲ့အတူ နယ်မြေစိုးမိုးရေး ထိုးစစ်တွေ၊ ထောက်ပို့ရေးတွေမှာပါ စစ်အာဏာသိမ်းတပ်ရဲ့ အင်အားတခုအနေနဲ့ ပါဝင်လျှက်ရှိနေပါတယ်။

PNO/ PNA ရဲ့ ထိန်းချုပ်ဧရိယာ တနည်းအားဖြင့် အခြေစိုက်ဒေသက ရှမ်းပြည်တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တွေဖြစ်ပေမဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ထောက်ပံ့ကူညီမှု၊ အားထားရမှုတွေကြောင့် ယခုနှစ်ပိုင်းအတွင်း လှုပ်ရှားနည်းမြေတွေချဲ့ထွင်လာပါတယ်။

ရှမ်းပြည်တောင်ပိုင်းမှာတင်မကပဲ ရှမ်းပြည်နဲ့ဆက်စပ်နေတဲ့ ကရင်နီပြည်တွင်းထဲအထိ အာဏာသိမ်းစစ်တပ်နဲ့အတူ PNO တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို မြင်တွေ့နိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲစစ်မျက်နှာပြင်မှာ PNOနဲ့ အာဏာသိမ်းစစ်တပ် အင်အားသုံး စစ်ကြောင်းထိုးတာ၊ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာတွေကိုကြည့်ခြင်းအားဖြင့် သူတိုရဲ့ ထင်ရှားတဲ့ပူးပေါင်းစစ်ရေးလှုပ်ရှားမှုတွေကို မြင်နိုင်ပါတယ်။

PNO တပ်က အာဏာသိမ်းတပ်အတွက်ဘယ်လောက်အရေးပါသလဲ
အာဏာသိမ်းကာလမှာပဲ အာဏာသိမ်းစစ်တပ်ဟာ ဒေသအသီးသီးမှာ စစ်မျက်နှာဖြန့်ထားရတာကြောင့် တပ်အင်အားချိနဲ့ လာတာကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်ဝင်လာတဲ့ စစ်မှုထမ်းဥပဒေ‌ကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

၂၀၂၃ ခုနှစ် တုန်းက မြောက်ပိုင်းအင်အားစု‌တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ တဆက်တည်းပေါ်လာတဲ့ ကရင်နီက ၁၁၁၁ စစ်ဆင်ရေးကြောင့် အာဏာသိမ်းတပ်အင်အားချိနဲ့မှုနှင့်အတူ နယ်မြေတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရပေမဲ့ လပိုင်းအကြာမှာ အာဏာသိမ်းတပ်က အဓမ္မစုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်းအင်အား၊ PNO ပြည်သူ့စစ်အင်အားတွေနဲ့ တဖန် တန်ပြန်ထိုးစစ်ဆင်နိုင်ခဲ့ပါတယ်။

အခုဆိုရင် ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်မှာ PNO နဲ့ အာဏာသိမ်းစစ်တပ် ပူးပေါင်းလှုပ်ရှားမှု အများဆုံးတွေ့ရပြီး၊ လွိုင်ကော်၊ ရှားတော စစ်မျက်နှာပြင်မှာလည်း PNO ပါဝင်မှုကိုတွေ့နိုင်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကပြောပါတယ်။

“သူတို့က အဓိက စစ်ကောင်စီဖက်ကနေပြီးတော့မှ အင်အားဖြည့်ပါဝင်တိုက်ခိုက်နေတာမျိုးဖြစ်တယ်။ တချို့ဒေသတွေမှာဆိုလို့ရှိရင်တော့ သူတို့က လမ်းပြတွေအဖြစ် လုပ်တာမျိုးတွေရှိတယ်ပေါ့နော။ …ဥပမာ ဖယ်ခုံနဲ့ ဆောင်းပြောင်းကြား၊ အထူးသဖြင့် ဖယ်ခုံ၊ ပင်လောင်းထဲက မြို့နယ်တွေထဲက တိုက်ပွဲတွေဆိုရင် သူတို့ဖက်က ဦးဆောင်တာမျိုးရှိတယ်ပေါ့နော” လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးကပြောပါတယ်။

တစ်လေးလုံးစစ်ဆင်ရေးမှာ မိုးဗြဲမြို့ကိုလက်လွှတ်ထားရတဲ့ အာဏာသိမ်းတပ်က မြို့ပြန်ထိန်းချုပ်ရေးအတွက် PNO တပ်နဲ့အတူအင်အား ၅၀၀ ခန့်နဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ကနေ တောင်ဖက် ၃၂ မိုင်အကွာမှာရှိတဲ့ ဖယ်ခုံမြို့ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ကတည်းက ပူးပေါင်း တန်ပြန်ထိုးစစ်ဆင်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇွန်လ မှာတော့ အင်အား ၁,၀၀၀ ခန့်ရှိတဲ့ PNO နဲ့ အာဏာသိမ်း ပူးပေါင်းတပ်က ဖယ်ခုံမြို့ကနေ မိုးဗြဲမြို့ကို အလုံးအရင်း တန်ပြန်စစ်ကြောင်းထိုးခဲ့ပြီး ရှမ်းပြည်ကနေ ကရင်နီကိုဝင်တဲ့ ဝင်ပေါက်မြို့ဖြစ်တဲ့မိုးဗြဲမြို့ကို တလအတွင်းမှာပဲ တော်လှန်ရေးတပ်တွေဆီကနေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

မိုးဗြဲမြို့ထိန်းချုပ်မှုကနေတဆင့် အခုလက်ရှိမှာ ကရင်နီပြည်အနောက်ဖက်ဝင်ပေါက် မိုးဗြဲကနေ ကရင်နီပြည်ရဲ့ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ လွိုင်ကော်၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းမြို့ တွေကို ဆက်သွယ်ထားတဲ့ ၊ မိုင်ပေါင်းအားဖြင့် ၉၉ မိုင်ခန့်ရှိတဲ့ မြို့နယ်ချင်းဆက် ပြည်ထောင်စုလမ်းမတလျှောက်လုံးကို အာဏာသိမ်းတပ်က ပြန်လည်းစိုးမိုးထားနိုင်နေပါပြီ။

ဒါ့အပြင် လွိုင်ကော်ကနေ ဒီးမော့ဆိုမြို့နယ်က မြို့ပေါ်ရပ်ကွက်တွေအထိကို အာဏာသိမ်းတပ်ဖက်က ပြန်လည်စိုးမိုးထားနိုင်ပြီး ဒေသခံတချို့လည်း ပြန်လည်နေထိုင်နေကြပါပြီ။

PNO တပ်အင်အားကြီးထွားလာမှု
တချိန်က လက်နက်ကိုင်တော်လှန်‌ရေးလှုပ်ရှားခဲ့တဲ့ PNO က ၁၉၉၁ ခုနှစ်မှာ မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေး ရယူပြီး နီးစပ်တဲ့ဆက်ဆံရေးတခုကို ယနေ့အချိန်ထိ ကာလရှည် တည်‌ဆောက်လာခဲ့တာပါ။

PNO ဥက္ကဌ ဦးအောင်ခမ်းထီက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) လက်ထက်ကတည်းက ဗိုလ်ချုပ် ခင်ညွန့်နဲ့ ဆက်ဆံရေးကောင်းရှိခဲ့ပြီး အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့လည်း ထိတွေ့ဆက်ဆံမှုရှိပါတယ်။ သူက ၂၀၂၃ ခုနှစ်မှာ အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင် ချီးမြှင့်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ကိုလည်း ရရှိထားပါတယ်။

“PNO ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ နိုင်ငံရေး ရည်ရွယ်ချက်တွေ မရှိဘူးပေါ့နော။ အဓိကကတော့ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်ဖြစ်မယ်။ စစ်ကောင်စီရဲ့ ပြည်သူ့စစ်အဖွဲ့တဖွဲ့အနေနဲ့၊ စစ်ကောင်စီရဲ့အစိတ်အပိုင်းတခုအနေနဲ့ပဲ တိုက်ပွဲတွေမှာပါဝင်တယ်လို့ပဲ ကျ‌နော်တို့ယူဆတယ်” လို့ KNDF သတင်းနှင်းပြန်ကြားရေးတာဝန်ခံတာအယ်စိုးက ကရင်နီ စစ်မျက်နှာပြင်မှာ PNO ပါဝင်လာမှုကို ပြောပါတယ်။

သတင်းစွယ်စုံကြမ်း ဝီကီပီးဒီယားရဲ့ ဖော်ပြချက်အရ PNO တပ် ထိပ်ပိုင်းခေါင်းဆောင်တွေက မြန်မာစစ်တပ်နဲ့ပေါင်းပြီး မိုင်းရှူး၊ မိုးကုတ်၊ ဖားကန့် ဒေသတွေမှာ သတ္တုတူးဖော်ရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေကြတာပါ။

စီးပွားရေးကောင်းနေတဲ့ PNO ဟာ သူတို့ရဲ့တပ်တွေကို ကွန်မန်ဒိုသင်တန်းပေးတာ၊ ရုရှားက သင်တန်းဆရာတွေခေါ်ယူသင်တန်းပေးတာတွေအပြင်၊ နည်းပညာမြင့် ဒရုန်းတွေကိုပါ အသုံးပြုလာနိုင်တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားကြပါတယ်။

ဒါ့ကြောင့်လည်း စစ်အာဏာသိမ်းနောက်ပိုင်းမှာ အာဏာသိမ်းတပ်နဲ့ပူးပေါင်းပြီး PNO ထိန်းချုပ်နယ်မြေအပြင် မောက်မယ်၊ ညောင်ရွှေ၊ ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံနဲ့ အခုဆိုရင် ကရင်နီပြည်တွင်း အထိပါ စစ်မျက်နှာကျယ်ပြန့်လာတာဖြစ်တယ်လို့ ရှမ်းပြည်ဒေသခံတွေနဲ့ ရှမ်းပြည်အခြေစိုက် တော်လှန်‌ရေးအင်အားစုတွေကသုံးသပ်ကြပါတယ်။

၂၀၂၄ ခုနှစ် သြဂုတ်လ မှာ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တ‌ရားမြို့မှာ PNO တပ်က အမှတ်စဥ် ၁ အခြေခံ စစ်သင်တန်းကနေ စစ်အင်အား ၁ သောင်းကိုထုတ်ပြခဲ့ပြီး ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် စက်တင်ဘာ ၃၀ ရက်နေ့မှာလည်း PNO ဦးစီးဖွင့်လှစ်တဲ့ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားမှာ နောက်ထပ် စစ်အင်အား ၂ သောင်းကို ထုတ်ပြသွားခဲ့ပါတယ်။

“ဒီ့ထက်ပိုပြီး အင်အားကြီးလာမယ်ဆိုရင် ဘာဖြစ်မလဲဆိုတော့ အများကြီး ကြောက်ရတယ်ပေါ့နော။ ဘာဖြစ်လဲဆိုရင် သူတို့ရဲ့ အနေအထားကကျတော့ သူတို့ရဲ့ လူမျိုးစု ကောင်းစားရေးဆိုတဲ့ ခေါင်းစဥ်ကိုတော့ တည်တယ်။ သို့သော် အဲလိုမဟုတ်ဘဲနဲ့ သူတို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားက အဓိကအချက်ဖြစ်လာတဲ့အနေအထားကနေဖြစ်နေတော့ အဲဒါက ‌တော်တော် စိုးရိမ်ရတယ်။ သူတို့ရဲ့အဖွဲ့အစည်းက ရှေ့လျှောက်ဘာဆက်ဖြစ်မလဲဆိုတာ ကျနော်တို့တောင် နားမလည်ဘူး” လို့ ရှမ်းပြည် လူငယ်အ‌ရေးတက်ကြွလုပ်ရှားသူ အမျိုးသားတဦးက ပြောပါတယ်။

PNO တပ်က မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်း‌ရေးရယူခဲ့ပြီးတုန်းက ရှမ်းပြည်နယ်အတွင်းက ဟိုပုံး၊ ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်တို့ကိုစုစည်းပြီး ယခင်က အထူးဒေသ (၆) လို့ခေါ်ထွင်ခဲ့တဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာပဲ အခြေစိုက်လှုပ်ရှားခဲ့တာပါ။

ပအိုဝ်းလူထုအ‌ပေါ် PNOရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု
ပအိုဝ်းပြည်သူ့စစ် PNO က လှုပ်ရှားနယ်မြေ ကျယ်ပြန့်လာတာနဲ့အမျှ ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်းမှာ ဒေသအတွင်း အတင်းအဓမ္မစစ်မှုထမ်း ခေါ်ယူမှုအများဆုံးရှိခဲ့ပါတယ်။

၂၀၂၅ ခုနှစ်ထဲမှာ PNO က အင်းလေးဒေသမှာ စစ်မှုထမ်းကြေးအတွက်ဆိုပြီးတော့ မိသားစုတစုကျပ်ငွေ ငါးသိန်း ဆက်ကြေးကောက်ခံခဲ့ပြီး မပေးနိုင်ရင် စစ်မှုထမ်းစေပြီး ရှေ့တန်းပို့တယ်လို့ ဒေသတွင်း သျှမ်းသံတော်ဆင့် သတင်းဌာနက သတင်းဖော်ပြထားပါတယ်။

ဟိုပုံး၊ တောင်ကြီး၊ ညောင်ရွှေ၊ ပင်လုံ ( အရှေ့ဖက် ကျေးရွာ) တွေမှာ အသက် ၁၈ ကနေ ၄၅ နှစ်အတွင်း အမျိုးသားတွေကို အဓိက စစ်မှုထမ်းခေါ်ယူတာဖြစ်ပြီးတော့ တအိမ်တယောက် မဖြစ်မနေ စစ်သင်တန်းတက်ရမယ်လို့လည်း PNO က သတ်မှတ်ထားပါတယ်။

၂၀၂၆ နှစ်ထဲမှာတော့ စစ်မှုထမ်းရတဲ့ သတင်းတွေကို သိပ်မကြားရသေးပေမဲ့ အရင်နှစ်ကတော့ တပ်သားစုဆောင်းမှု အများဆုံးရှိခဲ့တယ်လို့ ရှမ်းပြည်လူငယ်အ‌ရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတဦးက ပြောပါတယ်။

“ကျနော်တို့ လက်လှမ်းမီသလောက်ကတော့ သိပ်တွေ့တာမျိုးမရှိဘူး။ ဒါပေမဲ့လည်းပဲ ကျနော်တို့ မသိနိုင်တဲ့ အခြေအနေတွေလည်း ရှိတာ‌ပေါ့နော။ ပြီးခဲ့တဲ့နှစ်ကတော့ တော်တော်ဆိုးဆိုးပဲ စုတယ်” လို့ ပြောပါတယ်။
စစ်မှုထမ်းတပ်သားစုဆောင်းမှုကြောင့် ထိုင်း၊ မလေးရှားနိုင်ငံတို့မှာ တိမ်းရှောင်နေရတဲ့ ပအို၀်းလူငယ် အရေအတွက် တသောင်းဝန်းကျင်ရှိလာတယ်လို့လည်း အရပ်သားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအပေါ် စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ ပအို၀်းလူငယ် အစည်း အရုံး (PYO)ကိုကိုးကားပြီး Myanmar Now သတင်းဌာနက ၂၀၂၅ ခုနှစ်မှာ သတင်းဖော်ပြခဲ့ပါသေးတယ်။

တဖက်ကလည်း PNO တပ်ထဲ စစ်မှုထမ်းဝင်ရင် အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေမှာ ဝင်စရာမလိုတော့ဘူးလို့ ဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

PNO တပ်လှုပ်ရှားမှုကြောင့် ဖြစ်လာတဲ့ ဒေသခံတွေရဲ့ လူမျိုးရေးရာစိုးရိမ်ချက်
ရှမ်း-ကရင်နီနယ်စပ်မှာ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်လျှက်ရှိနေတဲ့ PNO တပ်နဲ့ စစ်အာဏာသိမ်းပူးပေါင်းတပ်တို့ကြောင့် ပအိုဝ်းတိုင်းရင်းသားနဲ့ ကရင်နီတိုင်းရင်းသားတို့ကြား သွေးကွဲလာကြမှာကို စိုးရိမ်ရတယ်လို့ ရှမ်းလူငယ်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အထူးသဖြင့် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ PNO နဲ့ စစ်အာဏာသိမ်းပူးပေါင်းတပ်တို့ရဲ့ ကျေးရွာ၊ နေအိမ် မီးရှို့ဖျက်ဆီးမှုကိုခံရတဲ့ ဒေသခံတွေက ပအိုဝ်းအမျိုးသားတခုလုံးအပေါ်ကို အငြိုးအတေး ထားလာနိုင်တယ်လို့ ရှမ်းလူငယ်တွေက သုံးသပ်ပါတယ်။

ပအိုဝ်းဒေသက တော်လှန်ရေးအင်အားစုထဲကတခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ကတော့ အာဏာသိမ်းတပ်နဲ့ ပူးပေါင်းနေတဲ့ PNOလုပ်ဆောင်ချက်က ပအိုဝ်းအမျိုးသားတွေအတွက် မကောင်းသလို သိက္ခာကျစရာလုပ်ရပ်လည်းဖြစ်တယ်လို့ မှတ်ချက်‌ ပေးထားပါတယ်။

“နိုင်ငံရေးအရကြီးပဲ မဟုတ်ဘူး။ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ကျနော်တို့ကို စစ်ကောင်စီက ရန်တိုက်ပေးထားတယ်။ လူတွေကလည်း PNO လို့ပြောလိုက်ရင် ပအိုဝ်းလို့ပဲမြင်တာကို။ ပအိုဝ်းနဲ့ PNO နဲ့ကတော့မတူပါဘူး။ PNO က ပအိုဝ်းလူမျိုးထဲက လက်နက်ကိုင် အဖွဲ့တဖွဲ့ပေါ့နော။ ကျ‌နော်တို့ရဲ့ သဘောထားအရက ဒီလိုမျိုး စစ်အုပ်စုက ခိုင်းတဲ့အတိုင်း တသွေမတိမ်းလိုက်ပါဆောင်ရွက်တာတွေမလုပ်ဖို့၊ အဲတာတွေကို ရပ်တန့်ပြီးတော့ ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပါ” လို့ PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

PNO တပ်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့လည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။ မတရားတဲ့ စနစ်ဆိုးတွေ ဆန့်ကျင်တိုက်ဖျက်ရာမှာ ပအိုဝ်း တွေရဲ့ အင်အားစုတရပ်နဲ့ ပါရမယ် ဆိုတဲ့ ပအိုဝ်းအမျိုးသား‌ရေးမူအတိုင်း ပြန်ဆောင်ရွက်ဖို့ကို PNO တပ်ကို တိုက်တွန်းလိုတယ်လို့လည်း ခွန်မြင့်ထွန်းက ပြောပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ