spot_img
Homeအင်တာဗျူးကလေးကာကွယ်ဆေး ထိုးနှံနှိုင်မှုမရှိတဲ့အပေါ် မိခင်တွေရဲ့ စိုးရိမ်ပူပန်မှု နဲ့ စိန်ခေါ်မှု

ကလေးကာကွယ်ဆေး ထိုးနှံနှိုင်မှုမရှိတဲ့အပေါ် မိခင်တွေရဲ့ စိုးရိမ်ပူပန်မှု နဲ့ စိန်ခေါ်မှု

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တနေရာမှာ ကလေးငယ်တွေထိုးနှံဖို့လိုအပ်တဲ့ ကာကွယ်ဆေးပြတ်လပ်မှု ရှိနေတာ နှစ်ဝက်နီးပါး ရှိနေပြီလို့ သိရပါတယ်။

မွေးခင်းစ ကလေးငယ်တွေဟာ ၂ လကနေ ၂ နှစ်အောက်အတွင်း ပြင်းထန် အဆုပ်ရောင် (ပီစီဗီ)၊ ဘီစီဂျီ ၊ ( ဆုံဆို့ ၊ကြက်ညှာ၊ မေးခိုင် ၊ အသဲယောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးယောင် ) ငါးမျိုးစပ် ကာကွယ်ဆေး၊ ပိုလီယို အစက်ချဆေး ၊ ပိုလီယို ထိုးဆေး ၊ ဝက်သက် ၊ ဂျိုက်သိုး စတဲ့ ကာကွယ်ဆေးကို ထိုးနှံပေးရတာ ဖြစ်ပါတယ်။

အခုလို ကာကွယ်ဆေး ပြတ်လပ်မှုတွေ ရှိနေတာကြောင့် မိခင်တွေဟာ ကလေးငယ်တွေကို တခြားသော နေရာဒေသတွေမှာ သွားရောက် ထိုးနှံနေကြရပါတယ်။ အမျိုးမျိုးသော အခက်အခဲ စိန်ခေါ်မှုတွေကြောင့် ကာကွယ်ဆေးတွေ မထိုးနှံနိုင်တဲ့ ကလေးငယ်တွေလည်း များစွာ ရှိနေပါတယ်။

ဒီအပေါ် မိခင်တွေရဲ့ အခက်အခဲ စိန်ခေါ်မှုနဲ့ ရင်သွေးငယ်တွေအပေါ်မှာ ထားတဲ့ မိခင်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

ဒေါ်ဖောဒေးစီ ( အသက် ၂၅အရွယ် မိခင် )

“ကျမ တို့ ၃ လပိုင်း လောက်မှာကတည်းက ကာကွယ်ဆေး ထိုးရမှာပေါ့နော်။ အခုက ၂ လ ကျော်သွားပြီ။ဆေးခန်းက ဆရာမတွေကို သွားမေးကြည့်တော့ ဆရာမတွေက ဆေးက ပြန်မရောက်သေးဘူး။ တကယ်လို့ ကျမကလေးက ကာကွယ်ဆေး မထိုးရဘူးဆိုရင် ထိခိုက်တာတွေ ရှိနိုင်မလား။ ဆရာမကို မေးတယ်ပေါ့နော်။ ဆရာမကတော့ ပိုအရေးကြီးတဲ့ ဟာတွေ ထိုးထားရင်တော့ သိပ်ပြီးတော့ ပြဿနာ မရှိတော့ဘူး။ ဒီ ၉ လမှာ ထိုးရမယ့် တခါကျတော့ နောက်ကျမှ ထိုးလို့ရတယ်ပြောတယ်။တခြားနေရာမှာ သွားထိုးဖို့ကလည်း သွားစရာမရှိဘူးလေ။ တခါတခါသွားရင် သူများဆိုင်ကယ်ပဲ သွားငှားရတော့ အခက်အခဲတွေ ရှိတယ်”

အဲမီဖော်( အသက် ၂၆ နှစ်အရွယ် မိခင် )

“ကာကွယ်ဆေးကတော့ ၁ ခေါက်ပဲ ထိုးရတယ်ပေါ့နော်။ ပထမဆုံး ၂ လပြည့်တဲ့ ကာကွယ်ဆေးပေါ့နော်။ ဘီစီဂျီ နဲ့ ငါးမျိုးစပ် ကာကွယ်ဆေး အဲ့ဒါပဲ ထိုးဖူးသေးတယ်။ နောက် (၄) လပြည့်တော့ ကာကွယ်ဆေးက မထိုးရတော့ဘူး။ အခုက ၅ လလည်း ကျော်လာပြီ။ အခုချိန်ထိတော့ မထိုးရသေးဘူး။ စောင့်ထိုးနေတုန်းပဲ ဘယ်ချိန်ထိုးရမလည်းတော့ မသိသေးဘူး။ ကလေးကာကွယ် ဆေးမထိုးရမှာကိုလည်း စိုးရိမ်တယ်”

ဒေါမာရိ ( အသက် ၂၂ နှစ်အရွယ် မိခင် )

“၂ ခါပဲ ထိုးရသေးတယ်။ အခုက မထိုးရတော့တာ ၃ လ လောက်ရှိပြီ။ အခုက ဒီစစ်ရှောင်မှာ လာနေတော့ တောထဲ တောင်ထဲ ဆိုတော့လေ အကောင်ပလောင်တွေ ပိုးတွေ ဘာတွေ ရှိတော့ ကလေးယားနာတာတွေ အဲ့လိုတွေ ဖြစ်မှာကိုလည်း စိုးရိမ်တယ်”

ဒေါ်ဖရဲမို ( အသက် ၂၁အရွယ် မိခင် )

“ဒီမှာကာကွယ်ဆေး မရနိုင်တော့ ကျမတို့ လောပိတ ဘက်တွေကို သွားပြီးတော့ ထိုးရတယ်။ တချို့တွေကတော့ လွိုင်ကော်ထိ သွားကြတာလည်း ရှိတယ်။ မသွားရင်လည်း ကလေးက ကာကွယ်ဆေးတွေ လွတ်သွားမှာကိုလည်း စိုးရိမ်တယ်။ သွားပြန်တော့လည်း ကားငှားရတာ နဲ့ လမ်းခရီးကလည်း ကြမ်း ၊ ကလေးငယ်ကလည်း တဖက် နဲ့ အခက်အခဲ ကတော့ပေါင်းစုံပါပဲ”

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ