ကန္တာရဝတီတိုင်း (မ်)
စပါးစိုက်ပျိုးမှုနဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုတဲ့ ကရင်နီပြည်က ဒေသခံလူထုတွေက အခုနှစ်စိုက်ပျိုးရာသီမှာ စစ်ရေးအခြေအနေ မငြိမ်သက်ပေမဲ့လည်း စိုက်ပျိုးရေးကို အရဲစွန့်ပြီး လုပ်ကိုင်ကြရပါတယ်။
တဖက်မှာလည်း အရင်းအနှီးအခက်အခဲ၊ ဓာတ်မြေသြဇာ စျေးနှုန်းမြင့်တက်မှု၊ စစ်ရေးလုံခြုံမှုမရှိတဲ့ စိန်ခေါ်မှုတွေကို တောင်သူတွေက ရင်ဆိုင်နေကြရတဲ့အပြင် စိုက်ပျိုးပြီးသား စပါးခင်းတွေမှာ ခရုဖျက်ပိုးကျတဲ့ ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။
“ခရုက သေချာကောက်ရင်တော့ တစ်ခါကောက်ရင် ၃ ပုံးအိတ်နဲ့ ၂ အိတ်လောက်ရတယ်” လို့ နန်းမယ်ခုံမြို့နယ်က တောင်သူအမျိုးသားတစ်ဦးကပြောပါတယ်။
ခရုတွေက စပါးပင်တွေကို စားသုံးကြတာဖြစ်လို့ အမြန်မရှင်းလင်းနိုင်ရင် စိုက်ပျိုးရာသီအပြီးမှာ စပါးအထွက်နှုန်းက ၃ ပုံ ၂ ပုံ ဒါမှမဟုတ် ၁ ပုံပဲ ရတော့တယ်လို့ အဲဒီအမျိုးသားကပြောပါတယ်။ ခရုရန်ကို တိုက်ဖျက်ဖို့အတွက် ဓာတုဆေးလည်း သုံးကြပေမဲ့ ခရုက လျော့နည်းသွားတာမရှိဘူးလို့လည်းပြောပါတယ်။
“ အိတ်တစ်ခုခုထဲမှာ ထည့်ပြီး အဲအိတ်ထဲမှာပဲ သေသွားအောင်ထားပြီး ဘောင်ပေါ်မှာ သွားသွန်တယ်။ မနက်ကောက်ရင် ည ပြန်ရှိတယ်။ ဒါကြောင့် မနှိမ်နင်းနိုင်ဘူး” လို့ အဲဒီအမျိုးသားက ပြောပါတယ်။
ဒါက ခရုတွေရဲ့သဘောသဘာဝအရ ရေရှိတဲ့လယ်ကွင်း၊ ချိုင့်ခွက်၊ မြောင်း တို့ကနေ တနေရာပြီးတနေရာ သွားလာကြတာဖြစ်လို့ ရေသွင်းစိုက်ပျိုးကြတဲ့ လယ်ခင်းတွေမှာ ဓာတုဆေးကိုပဲ အားထားပြီးရှင်းလင်းနေရင် ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့ စိုက်ပျိုးရေးပညာရှင် ဒေါက်တာစောဦးရယ်ကတော့ ပြောပါတယ်။
ဒါ့ကြောင့် တောင်သူတွေအနေနဲ့ စပါးစိုက်တဲ့အချိန်မှာ ရေသွင်းစိုက်ပျိုးမယ်ဆိုရင်လည်း စိုက်ပြီးပြီးချင်း နာရီပိုင်းအတွင်းမှာ ရေခမ်းအောင်ပြန်ထုတ်နိုင်ရင် ခရုကျသက်သာမယ်လို့ ဒေါက်တာ စောဦးရယ်ကပြောပါတယ်။
“ပျိုးခင်းဖြစ်ဖြစ် ပျိုးပင် စပြီးတော့ စိုက်တဲ့အချိန်မှာပဲ ဖြစ်ဖြစ် ခရုကျတတ်တယ်။ ဒီကောင်ကျရင်တော့ ပြောင်တယ်လေးနော။ အဓိက သူ့ကို ကာကွယ်ဖို့က စပါးပျိုးထောင်တဲ့အချိန်မှာ ပျိုးခင်းကို ခရုကင်းရှင်းအောင် အရင်ဆုံးလက်နဲ့ ကောက်ရမယ်။… ပြီးတော့ ခရုကျနိုင်တဲ့ ရေမြောင်းတို့၊ ခရုခိုအောင်းနိုင်တဲ့ ချိုင့်ခွက်တို့လို နေရာတွေမှာ ခရုတွေကိုထောင်ချောက်ဆင်ပြီးမှ ခရုကို အဲမှာ စုနေအောင်လုပ်လိုက်လို့ရတယ်။ ဥပမာ ငှက်ပျောပင်အပုတ်တို့ ငှက်ပျောသီးအပုတ်တို့ အဲလိုဟာတွေ ထားလို့ရှိရင် ခရုတွေက လာပြီးတော့ စားတယ်။ အဲချိန်မှာ ရေကိုဖွင့်ချလိုက်မယ်ဆိုရင် ခရုက ရေကျန်တဲ့နေရာမှာ သွားစုနေတယ်။ စုတဲ့အချိန်မှာ ကျနော်တို့ လက်နဲ့ကောက်ထုတ်လို့ရတယ်” လို့ ဒေါက်တာဦးရယ်က ပြောပါတယ်။
ဒါက ဓာတုမသုံးပဲ ခရုတွေကို ရှင်းလင်းလို့ရနိုင်တဲ့ နည်းထဲက တစ်ခု လို့ ဒေါက်တာ စောဦးရယ်ကပြောပါတယ်။
တစ်ဖက်မှာလည်း သက်တမ်းမရင့်သေးတဲ့ ပျိုးပင်တွေကို စိုက်ပျိုးခဲ့ရင် ခရုတွေက အလွယ်တကူ စားသုံးလို့ရကြမှာဖြစ်ပါတယ်။ ဒီအချက်ကြောင့် ပျိုးပင်သက်တမ်း အနည်းဆုံးရက်ပေါင်း ၃၀ ရှိပြီးမှပဲ စိုက်ပျိုးသင့်တယ်လို့ ဆိုပါတယ်။ စိုက်ပျိုးတဲ့အခါမှာလည်း ပုံမှန်အားဖြင့် ပျိုး ၃ ပင်ပဲ စိုက်လေ့ရှိရင် ခရုစားလို့မကုန်အောင် ၅ ပင်အထိ ထည့်စိုက်မှပဲ စပါးပင်တွေ မကုန်မှာဖြစ်ပါတယ်။
နောက်တစ်ခုက ရန်သူနဲ့ မိတ်ဆွေကို ခွဲခြားသိတတ်ဖို့လိုပါတယ်။ ခရုတွေနဲ့ ပိုးမွှားတွေကို စားတဲ့ ဗျိုင်း၊ ဇယက် တို့လိုငှက်တွေ နဲ့ တခြား တရိစ္ဆာန်တွေကိုမသတ်ကြဖို့လိုအပ်ပါတယ်။
ဒီနည်းလမ်းတွေက စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဓာတုသွင်းအားစုအသုံးပြုမှု လျော့ချရေးဆိုတဲ့ IEC ရဲ့ စိုက်ပျိုးရေး မူဝါဒအတိုင်း ဓာတုဆေးဝါးမသုံးပဲ ပျိုးဖျက်ခရုတွေကို တိုက်ထုတ်နိုင်မယ့် နည်းလမ်းဖြစ်တယ်လို့ ဒေါက်တာ စောဦးရယ်က ပြောပါတယ်။
ဒါပေမဲ့လည်း စိုက်ပျိုးရေးအခန်းကဏ္ဍနဲ့ ပတ်သတ်ပြီး တောင်သူတွေအားလုံးကို နည်းပညာပေးဖို့က အခက်အခဲရှိနေတယ်လို့ IEC စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆယ်မြောင်းဌာန, ဌာနမှူးကြီး ခူးတူရယ်ကပြောပါတယ်။
“အဓိက ပထမ တစ်ခုက ငွေကြေးပေါ့ ။ ဒုတိယတစ်ခုက လုံခြုံရေးပေါ့။ လုံခြုံရေးက အခုကျနော်တို့ စိုက်တဲ့ နေရာဒေသတွေက၊ ခရုကျတဲ့ နေရာဒေသတွေက နန်းမယ်ခုံတကြောပိုဖြစ်တယ်။ အဲတကြောရဲ့ အခြေအနေလည်း သိတဲ့အတိုင်းပဲ။ ကျနော်တို့ သွားလာဖို့ကိစ္စတွေ ပေါ့” လို့ပြောပါတယ်။
ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကတော့ ခုခံအားကောင်းတဲ့ စိုက်ပျိုးရေးစနစ်ကို ရဖို့ဆိုတဲ့ ရှုမြင်ချက်နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဓာတုသွင်းအားစုတွေကို အတတ်နိုင်ဆုံး လျော့သုံးဖို့ အစီအမံပြုလုပ်ထားပါတယ်။ ပိုးသတ်ဆေးတို့လို ဓာတုဆေးတွေကနေဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ဆန်းစစ်ပြီးတော့ သဘာဝနည်းလမ်းကို အသုံးပြုဖို့ လုပ်ဆောင်နေတယ်လို့လည်း IEC ကပြောပါတယ်။






