ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ ၁၃ ရက်နေ့မှာ ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ဘာသာရေး အဆောက်အဦး ကျောင်းဝန်းထဲကို ပြီးခဲ့တဲ့ နှစ်ကလည်း တစ်ကြိမ် မီးရှို့ခဲ့ဖူးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားပါတယ်။
“၂၆ရက် ၉လပိုင်း ၂၀၂၅မှာ အခုလောင်နေတဲ့အဆောင် ညာဖက် တလုံးရှို့တယ်။ ပြာတော့အကုန်မဖြစ်ပေမယ့် ၁၃ရက်နေ့ ၊ ၅ လပိုင်း၊ ၂၀၂၆ မနက် ၈ နာရီခန့် မှာတော့ တွေ့တဲ့အတိုင်းပေါ့ဗျာ။”လို့ ပြောဆိုထားပါတယ်။
အခုလို ဘာသာရေးအဆောက်အအုံကို စစ်ကော်မရှင်တပ်က တမင် မီးရှို့ဖျက်ဆီးတဲ့အပေါ် ဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
“အရမ်းနှမျောမိတယ်။ ဝမ်းလည်းဝမ်းနည်းတယ်။ စိတ်လည်းမကောင်းဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ ကိုယ်မမွေးခင်ကတည်းက အဲ့ အဆောက်အဦးတွေကရှိခဲ့တာလေ။ တမင်တကာမီးရှို့တာတော့ လုံဝမလုပ်သင့်ဘူးပေါ့။ အခုလိုဘသာရေးအဆောက်အဦးတွေကိုပဲ တမင် လိုက်ပြီး ဖျက်ဆီးနေတာက ပြည်သူတယောက်အနေနဲ့ လုံးဝ လက်မခံနိုင်ဘူးပေါ့။”လို့ ဒေသခံ အမျိုးသမီးတစ်ဦးကဆိုပါတယ်။
စစ်ကော်မရှင်တပ်က ဒေါငံခါးရွာဝန်းကျင်မှာ တပ်စွဲထားတာ ၉လ ဝန်းကျင်ရှိနေပြီး မြေပြင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလျက်ရှိနေတာပါ။
စစ်ကော်မရှင်တပ် မီးရှို့ခဲ့တဲ့ သီလရှင်ကျောင်းတည်ရှိတာ နှစ်ပေါင်း ၆၀ ကျော်ရှိပြီလို့လည်း သိရပါတယ်။ စစ်တပ် အာဏာစသိမ်းချိန်ကနေ ယခုနှစ် ဧပြီလကုန်အထိ ကရင်နီပြည်နယ်နဲ့ ကယန်းဒေသမှာ စစ်ပဋိပက္ခကြောင့် ဘာသာရေးအဆောက်အအုံပေါင်း (၆၇)လုံး ပျက်စီးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။






