ကန္တာရဝတီတိုင်း(မ်)
အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့ အချိန်မှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲက ဆီးစလို စစ်ရှောင်စခန်းရဲ့ အထက်တန်းကျောင်းမှာ ကျောင်းအတွက် အမိုးအကာတွေ လိုအပ်နေတယ်လို့ စေတနာ့ဝန်ထမ်း ကျောင်းဆရာတဦးက ပြောပါတယ်။
အဆိုပါကျောင်းဟာ ကိုယ်ထူကိုယ်ထစာသင်ကျောင်းတစ်ကျောင်းဖြစ်ပြီး အမိုးအကာအတွက် ယခင်နှစ် မိုးကာဟောင်းတွေကို ပြန်သုံးနေရတယ်လို့ ဆိုပါတယ်။
“ကျောင်းအတွက်အမိုးအကာ ကူရှာပေးစေချင်တယ်။ မိုးကာအဟောင်းပဲ ပြန်သုံးနေရတာ၊ မကောင်းတော့ဘူး။”လို့ စေတနာ့ဝန်ထမ်း ကျောင်းဆရာ တစ်ဦးက ဆိုပါတယ်။
လက်ရှိမိုးတွင်းကာလလည်းဖြစ်တဲ့အတွက် ကျောင်းသားကျောင်းသူတွေကို မိုးလုံ၊ လေလုံအောင် မလုပ်ဆောင်ပေးနိုင်သေးဘူးလို့လည်းဆိုပါတယ်။
ဆီးစလို စစ်ရှောင်စခန်းက ကိုယ်ထူကိုယ်ထကျောင်းဟာ Grade 11 အတန်းအထိရှိပြီး၊ ကျောင်းသူ/သား လူဦးရေဟာ ၂၇၀ ဦးကျော်ရှိကာ၊ ဆရာ/မ ၁၈ ဦးက ဦးဆောင်သင်ကြားနေတာပါ။
ဖရူဆိုမြို့နယ်အတွင်းမှာတော့ ကြားကာလ အထက်တန်းကျောင်း ၁၅ ကျောင်းအထိ ရှိနေပါတယ်။






