ကန္တာရဝတီတိုင်း(မ်)
မိုးတွင်းရောက်ရင် ကရင်နီပြည်ရဲ့ ကျေးလက်ဒေသဟာ စိမ်းစိုလှပနေတဲ့ တောင်ယာစပါး၊ ပြောင်းဖူး နဲ့ မြေပဲ စတဲ့ သီးနှံစိုက်ခင်းတွေ၊ စိုက်ကွင်းကလာတဲ့ မြေသင်းရနံ့လေးတွေနဲ့ သင်းပျံ့နေခဲ့တဲ့ တောင်ပေါ်မြေတခု ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းကစပြီး တောက်လောင်ခဲ့တဲ့ စစ်မီးဟာ ကရင်နီတပြည်လုံးရှိ စိုက်ပျိုးရေးစနစ်နဲ့ တောင်သူတို့ရဲ့ လူမှုစီးပွားဘဝကို အကြီးအကျယ် ရိုက်ခတ်ပြောင်းလဲစေခဲ့ပါတယ်။
လက်ရှိအချိန်ထိ ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေများကြောင့် ဒေသခံလယ်သမားများရဲ့ စိုက်ပျိုးရေးဘဝဟာ အပြင်းအထန် ပြောင်းလဲသွားပါတယ်။ အရင်က စိုက်ပျိုးရေးကို အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် အားထားခဲ့သော်လည်း အခုချိန်မှာ လယ်ယာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ အခက်အခဲတွေ များစွာရှိလာပါတယ်။
ယနေ့ ကရင်နီပြည်ရဲ့ စိုက်ပျိုးရေးက ရိုးရာအစဉ်အလာကို ထိန်းသိမ်းရုံမျှမကဘဲ ရှင်သန်ရေးအတွက် ရုန်းကန်ရတဲ့ စိုက်ပျိုးရေးအဖြစ်သို့ ကူးပြောင်းသွားခဲ့ရပါတယ်။
ခေတ်အဆက်ဆက်မှာ ကရင်နီလူထုတွေဟာ စပါး၊ ပြောင်း၊ နှမ်း၊ မြေပဲ စတဲ့သီးနှံများကို ရာသီအလိုက် စနစ်တကျ စိုက်ပျိုးနိုင်ခဲ့ပြီး လယ်ယာလုပ်သား၊ တောင်သူများက ဖူလုံတဲ့ဘဝကို ရရှိခဲ့ကြပါတယ်။ မိုးဦးကျရောက်လာတာနဲ့အမျှ လယ်ထဲမှာ သွားလာလှုပ်ရှားမှုများ ပြည့်နှက်နေပြီး အဲ့ဒီအခြေအနေက ဒေသခံများအတွက် အစားအသောက် နဲ့ ဝင်ငွေ နှစ်မျိုးလုံးကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
သို့သော် ယခုကာလမှာ စစ်ရေးမတည်ငြိမ်မှုများကြောင့် လယ်ယာမြေများကို မထွန်မယက်နိုင်ခြင်း၊ လုံခြုံရေးမရှိခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ပျက်ကွက်လာကြရပါတယ်။ လယ်သမားအများစုမှာ စစ်ရှောင်ဘဝသို့ ရောက်ရှိနေပြီး မိမိတို့ရဲ့ လယ်ယာမြေများကို စောင့်ရှောက်နိုင်ခြင်းလည်း မရှိတော့ပါဘူး။ ဒါကြောင့်လည်း အရင်ကလို အဓိကစိုက်ပျိုးခဲ့တဲ့ သီးနှံများကို စိုက်ပျိုးနိုင်ခြင်းမရှိတော့ပဲ အလွယ်တကူ စိုက်ပျိုးနိုင်တဲ့ သီးနှံအနည်းငယ်ကိုသာ စိုက်ပျိုးလာနိုင်ကြပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ မျိုးစေ့များ၊ ဓာတ်မြေသြဇာတွေနဲ့ စက်ပစ္စည်းများ ရရှိဖို့ ခက်ခဲလာခြင်းကလည်း အရေးကြီးတဲ့ ပြဿနာတရပ်ဖြစ်လာပါတယ်။ သီးနှံများကိုလည်း စျေးကွက်အတွင်း ပို့ဆောင်ရောင်းချနိုင်ခြင်း မရှိတော့လို့ ဝင်ငွေကျဆင်းမှုများလည်း ထင်ရှားစွာ ဖြစ်ပေါ်နေပါတယ်။

စစ်ရေးအခြေအနေများကြောင့် ဒေသခံများရဲ့ အစားအစာလုံလောက်မှုလည်း ထိခိုက်လာပြီး လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေထိုင်ကြရတဲ့အပြင် အခြားဒေသများ၊ ပြည်ပနိုင်ငံများသို့ အလုပ်ရှာဖွေရန် ရွှေ့ပြောင်းသွားကြရပါတယ်။ စိုက်ပျိုးရေးကို အခြေခံရတဲ့ ကရင်နီလူထုများရဲ့ လူနေမှုဘဝက တဖြည်းဖြည်း ယုတ်လျော့လာပြီး စားရရုံအတွက်သာ စိုက်ပျိုးရတဲ့ အခြေအနေသို့ ပြောင်းလဲလာစေခဲ့တာ ဒီကနေ့အထိပါပဲ။
ကရင်နီပြည်အတွင်းမှာ စိုက်ပျိုးနိုင်တဲ့ စိုက်ပျိုးရေးဧရိယာဟာ ဧကပေါင်း ကိုးသောင်း ရှိတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ ၂၀၁၈ ခုနှစ်က ပြုစုထားခဲ့တဲ့ စာရင်းအရ သိရှိရပါတယ်။
၂၀၂၆ ခုနှစ်အတွင်းမှာတော့ စိုက်ပျိုးနိုင်တဲ့ ဧရိယာဟာ ဧက နှစ်သောင်းကျော်သာ ရှိတယ်လို့ IEC ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာနမှ ဒုဌာနမှူး -၁ ကိုတင့်ဆွေက ပြောပါတယ်။
“ဧကပေါင်း နှစ်သောင်းလောက်တော့ စိုက်နိုင်မယ်လို့ ထင်ပါတယ်။ နှစ်သောင်းအကျော်မှာပဲ ရှိမှာပေါ့လေ။”
မေလအတွင်းက ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာနမှ ဒုဌာနမှူး -၁ ကိုတင့်ဆွေကို ကန္တာရဝတီတိုင်း(မ်) က ဆက်သွယ်မေးမြန်းစဉ်မှာ ဖြေကြားထားပါတယ်။
ဒေသခံများအပြင်၊ စစ်ဘေးရှောင်များကတော့ လက်ရှိအခြေအနေအတွင်း မိမိတို့ရရှိနိုင်၊ လက်လှမ်းမီနိုင်တဲ့ အရင်းအမြစ်များဖြင့်သာ အသက်မွေးဝမ်းကျောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းနေကြရပါတယ်။
ယခင်က မိမိတို့ပိုင်ဆိုင်တဲ့ ဘိုးဘွားပိုင်မြေများမှာ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါ လက်နက်ကြီး၊ ဒရုန်း အန္တရာယ် နဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် စိုက်ပျိုးမြေ အများစုကို စွန့်ခွာခဲ့ကြရပြန်ပါတယ်။
“အလုပ် လုပ်နေတဲ့ အချိန်မှာ ဒရုန်းတွေ လှည့်နေတာတွေက အဓိက စိုးရိမ်မှုတွေ ရှိတယ်။ နောက်တခုက ကိုယ်လုပ်နေတဲ့ဟာက ပြန်ကောရိတ်သိမ်းနိုင်ပါ့မလား။ ရိတ်သိမ်းတဲ့ကာလမှာပဲ တိုက်ပွဲ တွေ ဖြစ်ရင်တော့ မရိတ်ပဲနေရမှာလား။ လုပ်သာလုပ်နေရပေမယ့်လည်း ကျမတို့က ၅၀ ၊၅၀ နဲ့ပဲ။ မလုပ်ရရင်လည်း မစားရမှာစိုးလို့။ လုပ်ရပြန်တော့လည်း ကိုယ်စိုက်လိုက်တာ ပြန်မရိတ်သိမ်းရမှာကိုလည်း စိုးရိမ်တဲ့ အပိုင်းလေး ၅၀၊ ၅၀ စီ ဖြစ်နေတယ်။” လို့ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်အမျိုးသမီး တဦးက ပြောပါတယ်။
စစ်ဘေးရှောင်စခန်းများရှိ တဲငယ်များရဲ့ဘေးတွေမှာတွေ့ရတဲ့ အိမ်နောက်ဖေး စိုက်ခင်းများထဲက သီးစားပင်ကလေးများက ကရင်နီစစ်ဘေးရှောင်တို့ရဲ့ အဓိကအားထားရာ ဖြစ်လာပါတယ်။ ကန့်သတ်ဧရိယာ ရှိလာခြင်း၊ တောတောင်များအတွင်း ခိုလှုံနေရခြင်းကလည်း စိုက်ပျိုးမြေ ရှားပါးမှုနဲ့အတူ ရေရရှိဖို့ ခက်ခဲခြင်းက စိုက်ပျိုးထုတ်လုပ်မှုကို ကျဆင်းစေခဲ့ပါတယ်။
သို့သော်လည်း ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေများကြားမှာ ကရင်နီလူထုရဲ့ တဦးကိုတဦး ကူညီရိုင်းပင်းမှုက ပိုမိုခိုင်မာလာပါတယ်။ စုပေါင်းစိုက်ပျိုးရေးစနစ်များ၊ အပြန်အလှန် မျိုးစေ့မျှဝေခြင်းများ နဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များရဲ့ ကူညီမှုဖြင့် စိုက်ပျိုးရေးဘဝကို ဆက်လက် အသက်ဆက်စေဖို့ ကြိုးပမ်းနေကြပါတယ်။
ကြားကာလအစိုးရအဖွဲ့ရဲ့ ဌာနဆိုင်ရာတွေ၊ အရပ်ဖက်အဖွဲ့တွေကလည်း စစ်ဘေးရှောင်တွေ စိုက်ပျိုးရေး ဆောင်ရွက်နိုင်ဖို့ ကူညီနေကြသလို၊ စစ်ဘေးရှောင်တွေကလည်း ရှိတဲ့နေရာမှာ စိုက်ပျိုးရေးကို အတတ်နိုင်ဆုံး လုပ်ဆောင်ကြပါတယ်။

“ကျမတို့ အရင်နှစ်က မြေပဲ သွားနုတ်၊ စပါး သွားရိတ်ကြတာ ရွာကလူတွေအပါအဝင် ဒရုန်းထိကြတယ်လေ။ ဒီနှစ်က ဆက်စိုက်ရမလား၊ မစိုက်ရဘူးလား မသိဘူး။ မစိုက်လည်း စားဖို့မရှိဘူးလေ။ အလှူရှင်ကိုလည်း မျှော်လို့မရတော့သလို ရှိလည်းမရှိတော့ပါဘူး။” လို့ ဖရူဆိုမြို့နယ်အတွင်းက စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
စစ်ပွဲများက ကရင်နီပြည်ရဲ့ မြေမျက်နှာသွင်ပြင်ကို ပြောင်းလဲစေခဲ့သော်လည်း စစ်ဘေးရှောင်တို့ရဲ့ “ဇွဲ” ကိုမူ မဖျက်ဆီးနိုင်ခဲ့ပါ။ ယနေ့ ကရင်နီပြည်ရဲ့ စိုက်ပျိုးရေးက အမြတ်အစွန်းအတွက်မဟုတ်ပဲ လွတ်မြောက်ရေးနဲ့ ရှင်သန်ရေးအတွက် ခိုင်မာတဲ့ခံတပ်တခုသဖွယ် ဖြစ်တည်နေပါတယ်။
ကရင်နီပြည်ရဲ့ စိုက်ပျိုးရေးက စစ်မီးဒဏ်ကြောင့် အကြီးအကျယ် ကျဆင်းနေပေမယ့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင် တောင်သူတို့ရဲ့ ဇွဲစိတ်ဓာတ်က လျော့ပါးသွားခြင်း မရှိပါဘူး။
စစ်ဘေးရှောင်စခန်းဘေးပတ်လည်ရှိ တနိုင်တပိုင် စိုက်ခင်းလေးများနဲ့ စုံလင်တဲ့ အန္တရာယ်များကြားက ရုန်းကန်စိုက်ပျိုးနေကြခြင်းက ကရင်နီလူထုများရဲ့ ဝမ်းစာအတွက် တော်လှန်ရှင်သန်ခြင်းရဲ့ ပြယုဂ်များပင် ဖြစ်ပါတယ်။






