ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်မှာ မိုးတွင်းကာလ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကုန်ကားတွေ သွားလာမှုကိုနှောင့်နှေးပြီး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေမှာ အခက်တွေ့နေတယ်လို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။
အထူးသဖြင့် ဒီးမော့ဆိုမြို့နယ်ကနေ မော်ချီးဒေသကို ကုန်တင်ပို့မှုမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ယခင်ကထက် ခရီးကြာမြင့်ချိန်ပိုများလာတယ်လို့ ကုန်ကားမောင်းသူတစ်ဦးက ပြောပါတယ်။
“ကားခံနေကြတာ။ တချို့က နှစ်ပတ်ကြာတယ်။ ကားသမားတချို့ ထမင်းပါငတ်တယ်။ လမ်းကအရင်ကထက်(၃)ဆ ပိုဆိုးလာတယ်” လို့ ကုန်ကားမောင်းသူတဦးက ပြောပါတယ်။
နေ့စဉ်ရက်ဆက် မိုးရွာသွန်းနေတာကြောင့်လည်း သွားလာတဲ့လမ်းခရီးမှာ လမ်းပျက်စီးတာ ၊ လမ်းချော်တာ၊ ကားပျက်လို့ သွားလာလို့မရတာတွေ၊ လမ်းခရီးမှာ ညအိပ်ရတာကြောင့် မိုးရေစိုပြီး ဖျားနာကြသူတွေရှိကြောင်း သူက ဆက်ပြောပါတယ်။
ကုန်ကူးသွားလာတဲ့ လမ်းကြောင်းဟာ ပုံမှန်အားဖြင့် လမ်းအခြေအနေ ဆိုးရွားလေ့ရှိပေမယ့် ယခုနှစ်မှာ ပြီးခဲ့တဲ့နှစ်တွေထက် ပိုမိုဆိုးရွားလာတယ်လို့ ဆိုပါတယ်။
အဆိုပါ လမ်းဟာ ကုန်တင်ကားတွေနဲ့ ခရီးသွားပြည်သူတွေ အဓိက အသုံးပြုသွားလာနေတဲ့ လမ်းဖြစ်တာကြောင့် တာဝန်ရှိသူများအနေနဲ့ လမ်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းကို ဆောင်ရွက်ပေးစေလိုကြောင်း ကုန်ကားမောင်းသူတစ်ဦးက ပြောပါတယ်။
“အဲ့လမ်းကို တစ်လမ်းလုံး လမ်းခင်းပေးပါလို့ မဆိုလိုဘူး။ ပြည်သူတွေကတော့ ကျောက်ကြမ်းလမ်းလောက်ပဲ အရမ်းဆိုးတဲ့ နေရာတွေ လုပ်ပေးရင်တောင် အဆင်ပြေတယ်ပေါ့” လို့ သူက ပြောပါတယ်။
လက်ရှိ မိုးတွင်းကာလအတွင်း လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်မြင့်တက်ပြီး ကုန်စည်ဈေးနှုန်းကြီးမြင့်တာ စတဲ့ အကျိုးသက်ရောက်မှုရှိလာတယ်လို့ ဆိုပါတယ်။






