ကန္တာရဝတီတိုင်း(မ်)
လမ်းဘေးတဲငယ်လေး တစ်လုံးထဲမှာ အသက် ၅၀ ဝန်းကျင်အရွယ်အမျိုးသမီးကြီးတဦး အပ်ချုပ်စက် တလုံးနဲ့ အလုပ်ရှုပ်နေပါတယ်။ အနီရောင်ဝမ်းဆက်ဖြစ်ဟန်တူတဲ့ အမျိုးသမီးဝတ်ပုံစံအထည်ကို ချုပ်လုပ်နေတာပါ။ သူကတော့ ဒေါ်နော်ဖော ဖြစ်ပြီး အငြိမ်းစားကျောင်းအုပ်ကြီးတစ်ဦးပါ။
“လူမှာအဝတ် တောင်းမှာအကွပ်“ ဆိုသလို ပဲ ဒေါ်နော်ဖောဟာ လူတွေ လှပနေဖို့ အတွက် ဝတ်ရတဲ့ အဝတ်အစားတွေ ချုပ်လုပ်ပေးရတာကို ဝါသနာပါသူ တဦးပါ။
ယခင် စစ်တပ် အာဏာ မသိမ်းယူခင်ကာလမှာ ဒေါ်နော်ဖောက ကရင်နီပြည် လွိုင်ကော်မြို့နယ် အတွင်းက စာသင်ကျောင်း တကျောင်းမှာ ကျောင်းအုပ်တာဝန် ထမ်းဆောင်ရင်း ဝါသနာပါတဲ့ စက်ချုပ် အလုပ်ကို လုပ်ကိုင်နေခဲ့တာပါ။ ဒေါနော်ဖောဟာ လုပ်သက်ပြည့်ပင်စင်ယူပြီး သူဝါသနာပါတဲ့ စက်ချုပ် အလုပ်ကိုပဲ ဆက်လက်လုပ်ကိုင်ကာ ဘဝကို ရိုးရိုးရှင်းရှင်း နေထိုင်ဖြတ်သန်းဖို့ အိမ်မက် ရှိနေခဲ့တာပါ။
လုပ်သက်ပြည့်ပင်စင်ယူဖို့ ၂ နှစ်အလိုမှာပဲ အာဏာသိမ်းမှုကြောင့် ငြိမ်သက်နေတဲ့ ဒေါ်နော်ဖောတို့ မိသားစု ဟာ စစ်ဘေးရှောင်ဘဝကို အလိုလိုရောက်သွားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် နောက်ပိုင်းမှာတော့ သူမ မြတ်နိုးရတဲ့ ယူနီဖောင်းလေးကို ချွတ် ၊ ဝါသနာ ပါတဲ့ စက်ချုပ် အလုပ်ကို စွန့်လွတ်ကာ တောထဲတောင်ထဲမှာ ရှင်သန်နိုင်ဖို့အတွက် ဘဝတိုက်ပွဲကို ဆင်နွဲနေရပါတော့တယ်။
ခက်ခဲကြမ်းတမ်းတဲ့ စစ်ဘေးရှောင်ဘဝမှာ ပြေးရင်းလွှားရင်းနဲ့ အသက်ဘေးလွှတ်ဖို့ ၊ မငတ်ဖို့ ရုန်းကန်ခဲ့ကြရပါတယ်။ ဝင်ငွေရလမ်းအတွက် လုပ်နိုင်တာလေးတွေကို လည်းလုပ်နေရင်းနဲ့ အခုတော့ ဒေါ်နော်ဖောရဲ့ စက်ချုပ်ဝါသနာက ဝမ်းစာရေးအတွက် အထောက်အကူပြုလာပါပြီ။ သမီးဖြစ်သူ ကျောင်းဆရာမနဲ့အတူနေထိုင်ရင်း ဝါသနာပါတဲ့ အလုပ်ကနေ ဝင်ငွေအနည်းငယ် ရှာဖွေလာနိုင်ပါတယ်။
ဒေါ်နော်ဖောက အပ်ထည်တစုံကို ကျပ် ၈၀၀၀ ဝန်းကျင် ရနိုင်ပါတယ်။ သာမန်ဝတ်စုံတွေကိုသာ ချုပ်လုပ်နိုင်တဲ့ ဒေါ်နော်ဖောအတွက် တလကို ၂ သိန်းဝန်းကျင် ရတဲ့ဝင်ငွေက မိသားစုအတွက် အတော်လေး အထောက်အမ ဖြစ်စေပါတယ်။
သမီး ဖြစ်သူမှာတော့ မိခင်ရဲ့ နေရာကို ဆက်ခံကာ ဒီဇိုင်းသစ်တွေကို ဖန်တီးရင်း အကောင်းဆုံး ဖြစ်လာအောင် ကြိုးစားနေတယ်လို့လည်း ဒေါ်နော်ဖော က ဆိုပါတယ်။
အာဏာသိမ်းကာလကစပြီး ဒေါ်နော်ဖောဟာ သမီးဖြစ်သူနဲ့ အတူနေထိုင်တာပါ။ သမီးဖြစ်သူ တာဝန်ကျတဲ့ စာသင်ကျောင်းက ကျောင်းဝန်းထဲမှာ အတူနေခဲ့ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂ လ လောက်ကပဲ သမီးဖြစ်သူ စာသင်တဲ့အလုပ်ကနေ အနားယူခဲ့ပြီး ကိုယ်ပိုင်တဲလေးဆောက်ကာ နေထိုင်ကြပါတယ်။
အခုတော့ ဒေါ်နော်ဖော နဲ့ သမီးတို့ဟာ ကိုယ်ပိုင်တဲငယ်လေးထဲမှာ နေထိုင်ရင်း စက်ချုပ်တဲ့ အလုပ်ကို တစိုက်မတ်မတ် ပြန်လည်လုပ်ကိုင်နေကြပါတယ်။
“အခုက ဒီစက်ချုပ်တာ တခုပဲပေါ့နော်။ ပြီးတော့ ဝက်မွေးတယ်။ ဝက်တကောင်လောက်ပဲပေါ့။ သားဖောက် မွေးတယ်။ နည်းနည်းလေး အဲ့ဒါနဲ့ပဲ စားဖို့၊ သောက်ဖို့ပေါ့”လို့ ဒေါ်နော်ဖောက ပြောပါတယ်။
ဒေါ်နော်ဖောမှာကလည်း အသက်အရွယ်က စကားပြောနေပြီ ဖြစ်တာကြောင့် သက်ကြီးရောဂါ ဝေဒနာတွေကိုလည်း ခံစားနေရတာပါ။ စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့အတွက် တခုတည်းသောနည်းလမ်းကတော့ သူဝါသနာပါတဲ့ စက်ချုပ်အလုပ်ကို ကြိုးစားလုပ်ကိုင်နေနိုင်ဖို့ပါပဲ။
“ခက်ခဲတာကတော့ စက်ချုပ်ပစ္စည်းမှာတဲ့ နေရာမှာပေါ့နော်။ နောက်ပြီးတော့ အဒေါ်လည်း သိပ်ပြီးတော့ ကျန်းမာရေးမကောင်းဘူးလေ။ ခေါင်းမူး၊ ခေါင်းကိုက်၊ ဇက်ကျောတက် အဲ့လိုတွေ ဖြစ်တယ်” လို့ ဒေါ်နော်ဖောက ပြောပါတယ်။
ဒေါ်နော်ဖောတို့ဟာ စစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြပေမဲ့ ဒေသတွင်းမှာ တည်ငြိမ်နေတယ်ရယ်တော့ မဟုတ်သေးပါဘူး။ နေ့စဉ်ရက်ဆက် တိုက်ပွဲသံ၊ လက်နက်ကြီးသံတွေ ကြားနေရပါတယ်။
“လက်နက်ကြီး ကြောက်တာပေါ့။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ဘုရားလက်ထဲမှာပဲ ရှိတယ်။ အ့လိုပဲ ဖြေလိုက်တယ်” လို့ ဒေါ်နော်ဖောက ပြောပါတယ်။
နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ ဒေါ်နော်ဖော တယောက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို မှာယူဖို့အတွက် အခက်အခဲ စိန်ခေါ်မှုတွေ နဲ့ ရင်ဆိုင်နေရတာပါ။
သို့ပေမယ့်လည်း စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့အတွက် လိုအပ်သလို ဝါသနာပါတဲ့ အလုပ်ဖြစ်တဲ့ အတွက်ကြောင့်လည်း သူမတို့သားအမိဟာ မလျှော့သောဇွဲနဲ့ဆက်လက် လုပ်ကိုင်နေကြပါတယ်။
ဒေါ်နော်ဖောအတွက် အလှူတွေ ပွဲလမ်းသဘင်တွေ ရှိတဲ့အချိန်တွေမှာဆိုရင် အော်ဒါတွေ အများဆုံးရရှိတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဒေါ်နော်ဖောမှာတော့ တရက်လုံးမှာမှ ရိုးရိုးဝတ်စုံ တစုံကိုသာ အပြီးသတ် ချုပ်လုပ်နိုင်တာပါ။ တနေကုန် ထိုင်ခုံပေါ်ထိုင်ကာ စက်ချုပ်နေရတဲ့ အချိန်မှာတော့ သက်ကြီးရောဂါ ဝေဒနာတွေကလည်း ဖြစ်လာပါတော့တယ်။
သူတို့ သားအမိ (၂) ဦးဟာ ဘဝတွက် တိုက်ပွဲဝင်ရင်း ကြိုးစားနေကြတဲ့အချိန်မှာ တိုင်းပြည်ရဲ့ အခြေအနေ ဒီထက်ပိုပြီး ဆိုးရွားမသွားဖို့ကို မျှော်လင့်ရင်း စိုးရိမ်ပူပန်နေကြတာပါ။
“စိုးရိမ်ပူပန်မှုတွေကတော့ ဒီအခြေအနေထက် ပိုဆိုးလာမှာကို ကြောက်တယ်။ ဒီလိုမျိုးနေရာကနေ ထပ်ပြီးတော့ ပြေးရမယ်ဆိုရင် မတွေးဝံ့တော့ဘူး။ ဒီထက်တော့ မဆိုးလာပါစေနဲ့ပေါ့။ ဒီလိုမျိုး နေနေရတာကိုက တော်သေးတယ်”
စိုးရိမ်ပူပန်မှုတွေ ရှိနေပေမယ့်လည်း ဒေါ်နော်ဖောဟာ ဘုရားပြင်ဆင်ပေးတဲ့ အလုပ်ကိုလုပ်ကိုင်ရင်း စားဝတ်နေရေးအတွက် တဖက်တလှမ်းကနေ ဖြေရှင်းနိုင်တာကို စိတ်သက်သာရာ ရနေသူပါ။
ဒါပေမယ့် စိန်ခေါ်မှုတွေ အလွန်များပြားလွန်းတဲ့ ဒီလိုတောတောင်တွေထဲမှာ ရှင်သန်နိုင်ဖို့အတွက် ဘဝကို ရုန်းကန်နေရတာကို ဆက်လက်ပြီး လိုလားနေသူတော့ မဟုတ်ပါဘူး။
စားဝတ်နေရေးအတွက် ဝါသနာပါတာကို ကြိုးစားလုပ်ကိုင်ရင်း မိမိကျေးရွာမှာ အေးချမ်းစွာ ပြန်လည် နေထိုင်နိုင်မယ့် နေ့ရက်ကို စောင့်မျှော်နေတာပါ။
“အေးအေးချမ်းချမ်း အရင်အတိုင်းလိုမျိုးပေါ့နော်။ ကိုယ့်ရပ်ကိုယ့်ရွာက တိုးတက်နေပြီပေါ့နော်။ အ့လိုပဲ အေးအေးချမ်းချမ်း ပြန်ဖြစ်ချင်တယ်။ ပြန်နေချင်ပြီ” လို့ ဒေါ်နော်ဖောက ပြောပါတယ်။




