spot_img
Homeသတင်းနန်းဖဲအုပ်စု၊ စစ်ဘေးရှောင်စခန်းတနေရာမှာ ငှက်ဖျားရောဂါ အဖြစ်များနေ

နန်းဖဲအုပ်စု၊ စစ်ဘေးရှောင်စခန်းတနေရာမှာ ငှက်ဖျားရောဂါ အဖြစ်များနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဘောလခဲ-ဖရူဆိုမြို့နယ်အစပ်မှာရှိတဲ့ နန်းဖဲကျေးရွာအုပ်စုက စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေဟာ ငှက်ဖျားရောဂါအဖြစ်များနေကြတယ်လို့ ကျန်းမာရေးဆရာမတွေဆီကနေ သိရပါတယ်။

နန်းဖဲအုပ်စုထဲက နောင်လုံစစ်ရှောင်စခန်းမှာ ဇွန်လ ဒုတိယပတ်အတွင်း လူထု (၁၃၀) ဦးကို ငှက်ဖျား ရောဂါပိုး ရှိ ၊ မရှိကို စစ်ဆေးတဲ့အခါ ၈၅ ဦးက ငှက်ဖျားဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

” များတယ် ငှက်ဖျားနဲ့ ပတ်သက်တာ နောင်လုံမှာဆို ၁၃၀ ဦးလောက် ငှက်ဖျားစစ်တာ ၈၅ ယောက် ပိုးတွေ့တာပေါ့” လို့ ကျန်းမာရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အဆိုပါ လူထုတွေအပြင် စစ်ရှောင်စာသင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ၊ ကျောင်းသားတချို့လည်း ငှက်ဖျားရောဂါအဖြစ်များပြီး ယခုလအတွင်း ဖြစ်ပွားတဲ့အရေအတွက် ပိုများလာတယ်လို့ ဆိုပါတယ်။

နောင်လုံစစ်ရှောင်စခန်းတနေရာထဲမှာသာ ကွင်းဆင်း ကျန်းမာရေးဝန်ဆောင်မှုပေးသေးတာဖြစ်ပြီး တခြားနေရာတွေကိုလည်း သွားရောက် စစ်ဆေးဖို့ရှိမယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

နန်းဖဲ၊ တော်ခူဒေသမှာ မိုးတွင်းကာလ လမ်းခရီးအခြေအနေကြောင့် ဆေးရုံ၊ ဆေးခန်းပြသနိုင်ဖို့ အခက်အခဲရှိတဲ့ အရေးပေါ်လူနာတွေကို လူနဲ့ထမ်းပြီး တာဝန်ရှိသူတွေက ပို့ဆောင်ပေးနေရတယ်လို့ ဆိုပါတယ်။

” ကားသွားလို့ရတဲ့နေရာထိ ထမ်းလာပြီး ဒေါလာစော ရောက်တာ ည ၁၂ နာရီကျော်ပြီ၊ ဒီကနေတဆင့် ဆေးရုံဆက်ပို့ ဆေးရုံကို မနက် သုံးနာရီခွဲရောက်တယ်”လို့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းမရှိတာကြောင့် ဆေးဝါး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြောပါတယ်။ ငှက်ဖျားရောဂါအပြင် ရာသီတုပ်ကွေးလည်း အဖြစ်များနေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ကွင်းဆင်း ကျန်းမာရေးအဖွဲ့ကနေ ဖျားနာသူတွေကို ငှက်ဖျားပိုးရှိ၊ မရှိကို စစ်ဆေးပေးတာ၊ အသိပညာပေးတာ ၊ ရောဂါကူးစက်မှု မဖြစ်အောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ နန်းဖဲအုပ်စုမှာ နောင်လုံ၊ ဝေကျခေါ၊ တဂေးလဲ စတဲ့စစ်ရှောင်စခန်းရှိပြီး လူဦးရေ ၁၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ကစပြီး ကရင်နီပြည်က ဖရူဆို ၊ ရှားတော ၊ ဒီးမော့ဆို ၊ လွိုင်ကော်က ကျေးရွာ ၊ စစ်ဘေးရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါ စတင်ဖြစ်ပွားခဲ့ကြပြီး Plasmodium Vivax (P.V) ငှက်ဖျားရောဂါအမျိုးအစား အဖြစ်များနေတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ