Homeဆောင်းပါးမျိုးစေ့ (SEED)

မျိုးစေ့ (SEED)

-

၂၂ ရက် ၊ ဇွန်လ ၊ ၂၀၂၆ ခုနှစ်။

မျိုးစေ့ဆိုတာ ရှင်သန်မူရဲ့ အမှတ်လက္ခာဏာတစ်ခု၊ အမှတ် သင်္ကေတ တစ်ခုပေါ့။ (living icon, sign of living) ရှင်သန်မူရဲ့ အနုပညာတစ်ခု ဆိုရင်လည်းမမှားပါဘူး။

ဘာမျိုးစေ့ပဲဖြစ်နေပါစေ။ မျိုးစေ့က သမိုင်းနဲ့ ချီတဲ့ ရာဇာဝင် သမိုင်းရှိတယ်။ မျိုးစေ့က ရှင်သန်မူအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာပါ။

ကျနော်တို့ ဘဝအတွက် အလွန်အရေးကြီးတဲ့ အရာပါ။ လူ့ဘဝ ရှင်သန်မူရဲ့ အသက်သွေးကြောသဖွယ် တည်ရှိနေတဲ့ အရာပါ။ ကျနော်တို့က သတိထားမိသည်ဖြစ်စေ ၊ သတိမထားမိသည်ဖြစ်စေ ၊ မျိုးစေ့က သူ့အလုပ်သူလုပ်နေပြီး လူတွေ ဆက်လက်ရှင်သန်လာအောင် တစ်နည်းတစ်ဖုံ ထောက်ပံ့နေပါတယ်။

ကမ္ဘာကြီးလည်နေသရွှေ့တော့ မျိုးစေ့က တည်ရှိနေမှာပါ။ ကမ္ဘာပေါ်မှာ မျိုးစေ့ သိန်း၊ သန်းမက တည်ရှိနေတယ်။ တစ်နေရာ နဲ့ တစ်နေရာ မျိုးစေ့တည်ရှိမူနဲ့ အရေးပါမှုက မတူနိုင်ပါဘူး။ စားနပ်ရိက္ခာလိုအပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မျိုးစေ့ ကို နည်းပညာ နဲ့ ပေါင်းစပ်ပြီး မျိုးစေ့ ရှင်သန်တည်ရှိမူကို ထိန်းချုပ်ပြုပြင်နေကြတယ်။ စီးပွားရေး နဲ့ နည်းပညာဘက်ကြည့်ရင်လည်း ဒါက သိပ်ကိုလိုအပ်တဲ့ ပြုပြင်ပြောင်းလဲမူတစ်ခုပါ။
မျိုးစေ့ အခွင့်အရေး နဲ့ မျိုးစေ့ ရဲ့ လွတ်လပ်ခွင့်ဖက်ကြည့်ပြန်ရင်လည်း ဒါကအနိုင်ကျင့်ပြီး ထိန်းချုပ်မူတစ်ခုပါ။ လုပ်ဆောင်မူတိုင်းမှာ အဆိုးနဲ့အကောင်းဆိုပြီးပါလာစမြဲပါ။

စိုက်ပျိုးရေး ၊ မွေးမြူရေးမှာ မျိုးကောင်းမျိုးသန့်ရရှိဖို့ အရေးကြီးတယ်၊ အရေးပါတယ်၊ ဆိုတဲ့ သဘောပါ။ မွေးမြူရေးမှာလည်း မျိုးဆက်ပွားအကောင်လှဖို့အတွက် မျိုးဆက်ပွားအကောင်ကို (ဝက်သိုး ၊ နွားသိုး….စတဲ့) သီးသန့်မွေးမြူပြီး လိုအပ်တဲ့ အဟာရဓာတ်ရရှိအောင် နေ့စဉ်ကျွေးမွေးစောင့်ရှောက်ရတယ်။ မျိုးကောင်းရင် မျိုးသန့်မယ်၊ အကောင်ကြီးမယ်၊ စီးပွားရေးအရ အမြတ်ကျန်မယ် ၊ တွက်ခြေကိုက်မယ်ဆိုတဲ့ သဘောပါပဲ။ အမြင်လည်းလှမယ်၊ ရောဂါဒဏ်လည်း ခံနိုင်တယ် ဆိုတဲ့ ခံယူချက်ရှိကြတယ်။

စိုက်ပျိုးရေးမှာ သီးနှံအထွက်တိုးဖို့သာမကပဲ၊ အပင်တွေကျန်းကျန်းမာမာနဲ့ ရှင်သန်နိုင်ဖို့ဆိုရင် မျိုးကောင်းမျိုးသန့် ရရှိဖို့လည်း သိပ်ကိုအရေးကြီးပါတယ်။ ပျိုးဥယဉ်ခြံသမားဆိုရင်လည်း မျိုးကောင်း မျိုးသန့် ရှာဖွေဖော်ထုတ်ပြီး ပျိုးကြတယ်။ ပျိုးပင်တွေလှပြီး ရောင်းပန်းလှဖို့လည်း အရေးကြီးတယ်။

စိုက်ပျိုးရာသီချိန်ရောက်ပြီးဆိုရင် တောင်သူလယ်သမားများ အများဆုံးအပူတပြင်း ရှာဖွေလာကြတာ မျိုးကောင်းမျိုးသန့် နဲ့ စိုက်ပျိုးရေးသွင်းအားစုတွေပါ။ တစ်ချို့တောင်သူတွေက နည်းစနစ်ကျကျ နဲ့ အစီအစဉ်ရေးဆွဲပြီး နောက်နှစ်စိုက်ပျိုးရာသီအတွက် မျိုးကောင်းမျိုးသန့်ကို သီးသန့် စိုက်သည်ဖြစ်စေ၊ ရွေးချယ်သည်ဖြစ်စေ ရိတ်သိမ်းရာသီမှာ စနစ်တကျစုဆောင်းလေ့ရှိပါတယ်။

သိပ်ကောင်းတဲ့ အလေ့အကျင့် နဲ့ မျိုးစေ့ရဲ့အရေးပါမူကို ကိုယ်ပိုင်စီမံခန့်ခွဲနေတယ် ဆိုတဲ့သဘောပါပဲ။ ဘာမျိုးစိုက်ရင် အကောင်းဆုံးဖြစ်မလဲ ဆိုတာ တောင်သူလယ်သမားကိုယ်တိုင် အသိဆုံးပါ။ ကိုယ့်စိုက်မယ့်မျိုးကို ကိုယ်ပိုင်ရွေးချယ်တာ အကောင်းဆုံးပါ(ဖယ်ဒရယ် ရဲ့ အခြေခံ သဘောတရားပါ)။ တစ်ခုတော့ ရှိတယ်၊ ပညာရှင်ဆရာမတစ်ဦးပြောခဲ့တဲ့ စကားကို ကိုးကားရရင် မျိုးဖြစ်နိုင်ချေ အကောင်းဆုံးအချိန် နဲ့ သန်စွမ်းချိန်မှာ ယူနိုင်ရင်အကောင်းဆုံးတဲ့။

မျိုးစေ့တွေကို မည်သည့်နေရာမဆို စိုက်ပျိုးလို့ ရပါကြောင်း နည်းပညာများကိုအသုံးချပြီး ကမ္ဘာ့နိုင်ငံ အသီးသီးတွင် သက်သေပြခဲ့ပြီဖြစ်ပါတယ်။ ဥပမာ – အီစရေး -အိုမန် စတဲ့ ကမ္ဘာ့အရှေ့အလယ်ပိုင်နိုင်ငံများ ဆရာကြီး ဦးသိန်းဆု (စပါး စိုက်ပျိုးရေးပညာရှင်) က သူ့ရဲ့ (၁၆) နှစ်တာ စပါးစိုက်ပျိုးရေး အတွေ့အကြုံစာအုပ်မှာ ပြောတဲ့စကားကို သတိရမိပါတယ်။

“စပါးပင် လွတ်လပ်စွာ ရှင်သန်ကြီးထွားနိုင်တဲ့ ဝန်းကျင်ကိုသာ ဖန်တီးပေးလိုက် သူ(စပါးပင်) ရှင်သန်လာပါလိမ့်မယ်တဲ့, သူ(စပါးပင်)က သူ့ အလုပ်သူလုပ်လိမ့်မယ်”တဲ့။

တွေးမိပါတယ်၊ ကျနော်တို့ ပြည်နယ်မှာလည်း အပင်တွေရှင်သန်နိုင်တဲ့ မြေဆီမြေနှစ်ကြွယ်ဝတဲ့ မြေကြီးရှိတယ်။ အပင်များရှင်သန်နိုင်အောင် ပတ်ဝန်းကျင်ကို ဖန်တီးပေးကြရအောင်။ နေရာဒေသအလိုက် အပင်ရှင်သန်မူက ကွာသွားလိမ့်မယ်။ ဥပမာ…. မိုးများ တဲ့ အရပ်ဒေသက မိုးဒဏ်ကို ခံနိုင်ရည်ရှိအောင်စီမံရလိမ့်မယ်။ မိုးနည်းတဲ့ ဒေသမှာတော့ ရေရရှိအောင်စီမံရလိမ့်မယ်။ စပါးမျိုးစေ့ နှင့် ပတ်သက်ပြီး ပညာရှင်တစ်ဦးက ကြိုးစားထုတ်နေတယ်၊ ဖော်ဆောင်နေလျက်ရှိတယ်၊ ဆိုတဲ့ သတင်း ကို ကြားရတော့ ကရင်နီပြည်မှာရှိတဲ့ တောင်သူလယ်သမားများအတွက် မျော်လင့်ချက်ရောင်ခြည် သန်းလာတယ်လို့ ခံစားရတယ်။

ကရင်နီမှာ စာနပ်ရိက္ခာဖုံလုံဖို့အတွက် မျိုးကောင်းမျိုးသန့်ရရှိဖို့ အထူးလိုအပ်ပါတယ် (အထူးသဖြင့် ဒေသ နဲ့ ကိုက်ညီတဲ့ စပါးမျိုး)။ ဇူလိုင်လ (၅) ရက်နေ့၊ ၂၀၂၅ ခုနှစ် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC က အတည်ပြုခဲ့တဲ့ စိုက်ပျိုးရေး နှင့် မွေးမြူရေးဆိုင်မူပေါ်လစီပါ အခန်း (၃) မျိုးကောင်းမျိုးသန့်ဆိုင်ရာ မူဝါဒ ၆ ။ (က) ဒေသမျိုး ၊ ဒေသ နှင့် ကိုက်ညီပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မူကို အထောက်အကူဖြစ်စေသည့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ခြင်း ၊ ထိန်းသိမ်းခြင်း နှင့် ဖြန့်ဝေခြင်းများကို စနစ်တကျဆောင်ရွက်ရမည်။

(ခ) မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ၊ အရည်အသွေးမြှင့် မျိုးသစ်များ သုံးစွဲနိုင်ရေးအတွက် သုတေသန နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရမည်။
(ဂ) စပ်မျိုး ၊CP မျိုးများ နှင့် မရောနှောစေရန် ဒေသထွက် မူလမျိုးများမပပျောက်အောင် စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းထားရမည်။
(ဃ) ရာသီဥတု နှင့် ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိသော် မျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာအစုအဖွဲ့များ ၊ တောင်သူများ နှင့် ပူးပေါင်ပြီး စီမံဆောင်ရွက်ရမည်။
မူဝါဒ နှင့်အညီ အောက်ပါအချက်များကို လုပ်ဆောင်ပြီး စပါးမျိုး ကောင်းမျိုးသန့်များ ရှာဖွေဖော်ထုတ်ရန် အကြံပြုဆွေးနွေးလိုပါသည်။
• စပါးမျိုးထုတ်သည့် သုတေသန စိုက်ခင်းများစိုက်ပျိုးရန်။
• စပါးမျိုးဖော်ထုတ်ထိန်းသိမ်းသည့် သုတေသနစင်တာတစ်ခု ထားရှိရန်။
• စပါးမျိုးရွေးချယ်ထိန်းသိမ်းသည့် နည်းပညာများကို တောင်သူလယ်သမားများကို မျှဝေရန် နှင့် မိရိုးဖလာ (ဓလေ့အရ) မျိုးစေ့ထိန်းသိမ်းသည့် အလေ့အကျင့်ကောင်းများကို အားပေး မြှင့်တင်ရန်။
• မျိုးစေ့ထိန်းသိမ်းရာတွင် လိုအပ်သည့် နည်းပညာ နှင့် ငွေကြေးများကို ကူညီပံ့ပို့ရန် (အမတော်ကြေး…. စသည့်)။
• မျိုးစေ့ထုတ်တောင်သူများအသင်းအဖွဲ့ကို ဖွဲ့စည်းပြီး မျိုးစေ့ထုတ်လုပ်ငန်းများ စနစ်တကျ ထိန်းကျောင်းသွားရန်။
ပညာရှင် ၊ တောင်သူလယ်များ နှင့် ပူးပေါင်းပြီး ရေရှည်တည်တံ့ပြီး ဒေသ နှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့် များအများဆုံးဖော်ထုတ်နိုင်ပါစေ..။

လေးစားလျက် – TN

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ