spot_img
Homeသတင်းKA တပ်ရင်း (၅) ဖွဲ့စည်းတည်ထောင်မှု ၄ နှစ်ပြည့်အတွင်း လက်နက်အမျိုးအစားပေါင်း ၁၀၀ ကျော် သိမ်းဆည်းနိုင်ခဲ့

KA တပ်ရင်း (၅) ဖွဲ့စည်းတည်ထောင်မှု ၄ နှစ်ပြည့်အတွင်း လက်နက်အမျိုးအစားပေါင်း ၁၀၀ ကျော် သိမ်းဆည်းနိုင်ခဲ့

-

ကန္တာရဝတီတိုင်း ( မ် )

ဩဂုတ်လအတွင်းမှာ ကရင်နီပြည်တပ်မတော် (KA) တပ်ရင်း (၅) ဖွဲ့စည်းတည်ထောင်တာ ၄ နှစ်ပြည့်ပြီဖြစ်ပြီး ၄ နှစ်အတွင်း လက်နက်ကြီး၊ လက်နက်ငယ် အမျိုးအစားပေါင်း ၁၀၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူတစ်ဦးဆီကနေ သိရပါတယ်။

“ကျနော်တို့ လက်နက်က အကြီးကော အငယ်ကော ပေါ့နော် ၁၀၀ ဝန်းကျင် ၁၀၀ အထက်မှာ ရှိမယ်ဗျ။”လို့ KA တပ်ရင်း ၅ တာဝန်ရှိသူတဦးက ပြောပါတယ်။

တပ်ရင်းဖွဲ့စည်းတည်ထောင်ပြီးနောက် ရရှိလာတဲ့ အောင်မြင်မှုတိုင်းဟာ တပ်ရင်းအတွင်းက ရဲဘော်တစ်ဦးချင်းစီရဲ့ ကြိုးစားအားထုတ်မှု၊ စည်းလုံးညီညွတ်မှုနဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်မှုတို့ရဲ့ ရလဒ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

တာဝန်ထမ်းဆောင်ရင်း သိမ်းဆည်းရရှိလာတဲ့ အဆိုပါ လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း အကျိုးအမြတ်အတွက် ရောင်းချတာမျိုးမပြုဘဲ စနစ်တကျ ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။

အသုံးပြုနိုင်သေးတဲ့ ပစ္စည်းတွေကိုလည်း လိုအပ်သလို ပြန်လည်အသုံးချနိုင်ဖို့ ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ ယမန်နေ့မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့မှာ KA တပ်ရင်း (၅) က ထုတ်ပြန်ထားပါတယ်။

၄ နှစ်အတွင်း အောင်မြင်မှုတွေအနေနဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တာအပြင် ဒီးမော့ဆို၊ ရှားတော့နဲ့ သံလွင်အရှေ့ခြမ်း စတဲ့ ဒေသတွေမှာလည်း အခြားတပ်ပေါင်းစုတွေနဲ့အတူ တိုက်ပွဲဝင်ပြီး သိမ်းဆည်းရမိခဲ့တဲ့ တပ်စခန်းတွေ ရှိခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူက ဖြည့်စွက်ပြောပါတယ်။

အောင်မြင်မှုတွေနဲ့အတူ ဆုံးရှုံးမှုတွေလည်း ရှိခဲ့ပြီး ၄ နှစ်အတွင်း တပ်ရင်းကနေ အသက်ပေးဆပ်ခဲ့ရတဲ့ ရဲဘော် ၅၀ ဝန်းကျင်ရှိတယ်လို့လည်း တပ်ရင်းတာဝန်ရှိသူဆီကနေ သိရပါတယ်။

တာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာ အသက်ပေးသွားခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ သတ္တိ၊ စွန့်လွှတ်အနစ်နာခံမှုနဲ့ မဆုတ်မနစ်တဲ့ စိတ်ဓာတ်တွေကို အစဉ်အမြဲ ဂုဏ်ပြုအောက်မေ့ကြောင်းကိုလည်း KA တပ်ရင်း (၅) က မှတ်တမ်းတင်ထားပါတယ်။ KA တပ်ရင်း ( ၅ ) က ကရင်နီပြည်ရဲ့ အမှတ် (၃) ခရိုင်မှာ အဓိက စစ်ရေးလှုပ်ရှားတဲ့ တပ်ရင်းတခုဖြစ်ပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ