ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတချို့မှာ စားဝတ်နေရေးပြေလည်ဖို့ သားဖောက်မွေးမြူထားတဲ့ ဒေသဝက်ပေါက်တွေ ဈေးကျပြီး ဝယ်သူရှားပါးတာကြောင့် ရောင်းထွက်ဖို့ ခက်ခဲနေကြပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ ဝက်ပေါက်တစ်ကောင်ကို ကျပ် ၄ သိန်းအထိ ရရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ကျပ် ၂ သိန်းခွဲဝန်းကျင်သာရရှိပါတယ်။ စားဝတ်နေရေးပြေလည်ဖို့ ဝက်မွေးမြူကြပေမယ့် ဈေးကျပြီး ဝယ်သူရှားပါးတာကြောင့် ရောင်းထွက်ဖို့ခက်ခဲနေတဲ့ စစ်ရှောင်တွေရဲ့ အသံကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။
ဒေါ်နျားမြာ ( စစ်ဘေးရှောင်အမျိုးသမီး တစ်ဦး )
“အရင်တုန်းကဆိုရင် ဝက်ပေါက်တွေဆို အရမ်းရောင်းကောင်းတယ်။ သွားဖောက်မွေးတယ် ဆိုရင် တခါတခါ မွေးပြီးရင် အကုန်လုံး ရောင်းထွက်ပြီး နောက်တခါ ပြန်ဖောက်တယ်။ ဒီတနှစ်မှာကျတော့ ဝက်ပေါက်ကလေးတွေ အများကြီး မွေးကြတယ်။ လာရှာပြီး ဝယ်ပေးမယ့်သူတွေ မရှိဘူး။ ကျမ ညီမဟာဆိုရင် ၃ ကောင်ပဲ ရှိတယ်။ ဝယ်ပေးမယ့်သူမရှိရင် ဝက်မကြီး ပဲ ရောင်းထွက်လိုက်မယ် ပြောကြတယ်။ ဝက်မကြီးဆိုလည်း အကောင်လိုက်က စျေးမကောင်းရင် ကိုယ့်ဘာသာကိုပဲ ပေါ်ပြီး ရောင်းလိုက်တယ်။ အခုက အဲ့လို အခြေအနေတွေ ဖြစ်နေတယ်။ အပြင်ရောင်းဝယ်နေတဲ့သူတွေကတော့ မသိဘူးပေါ့နော အဲ့လိုမျိုးရှိတယ်။ ”
ဦးတော်ရယ် ( စစ်ဘေးရှောင်အမျိုးသားတစ်ဦး )
“အခုတလောကဆို ဘာဖြစ်တာလည်း မသိဘူး။ စျေးမရှိဘူးပဲ ပြောတယ်။ ကျနော့်သားဟာရှိတော့ သူရောင်းချင်တယ် ပြောတယ်။ စျေးက မရှိဘူး။ အရင်ကဆို စျေးကောင်းရကြတယ်။ အခုက ဝယ်သူလည်း သိပ်မရှိတော့ဘူး။ ဝယ်စျေး မရှိဘူးသာ ပြောတာ ဝက်သားကျတော့လည်း စျေးမကျပြန်ဘူး။ စျေးတောင် ပိုတက်သလိုပဲ အရင်ကထက်။ တခါတလေ ဝယ်စားချင်တာတောင် မဝယ်စားနိုင်ဘူး။”
ဒေါ်ဘဲဖော် ( စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး)
“ဝက်တွေက ရောဂါရှိတော့ သေကုန်တယ်လေ။ အဲ့လို သေကုန်တော့ ဝယ်မယ့်သူ မရှိတော့ဘူး။ တခါတလေ သွားဝယ်မွေးရင် မဖြစ်ထွန်းဘူး။ ၁ လ ၂ လလောက် ပြန်မွေးပြီးရင် သေကုန်တယ်လေ။ အဲ့လိုဖြစ်တော့ ပြန်ရောင်းထွက်မှုလည်း နည်းသွားတယ်။”
ဒေါ်ဆော်မိုး ( စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး)
“ဝယ်သူမရှိဘူး ဆိုတာက စစ်ဘေးရှောင်တွေ များလာတော့ သူတို့လည်း မွေးကြတယ်။ ပြီးတော့ စီပီ ဝက်တွေ မွေးမြူလာကြတယ်။ အဲ့တာတွေဝယ်ရင် သူ့အသားက ထွက်တာပိုကောင်းတယ် ပြောကြတယ်။ ကျမတို့ ဒေသဝက်တွေက အဆီတွေများတယ် ပြောကြတယ်။ စီပီ ဝက်တွေပဲ သွားရှာဝယ်ကြတော့တယ်။ ၂ သိန်းခွဲ တောင် ဝယ်မယ့်သူ မရှိကြတော့ဘူး။ အရင်ကဆို လာရှာဝယ်တဲ့သူတွေ အများကြီးပဲ။ ကျမတို့ ဒေသထွက်ဝက်တွေက အရင်ကဆို ၇ သိန်း ၈ သိန်းတန်တောင် ဝယ်တယ် ဒိုင်တွေက။ တရက်တရက်ပေါ်စားပြီး ရောင်းရင်ကုန်တယ်ပြောကြတယ်။ ၁၀ သိန်းအထက်တွေဆို ပေါ်စားရင် မကုန်ဘူးပြောတော့ မဝယ်ချင်ကြဘူး။ ဝယ်တဲ့ချိန်ဆို နာရေးပွဲရှိတာမျိုး ပြီးတော့ ပွဲတခုခုရှိတာမျိုး ဝက်အကြီးတွေကလေ။ ဒိုင်တွေက ၇ သိန်း ၈ သိန်းတန်လောက်ပဲ လိုက်ဝယ်နေကြတယ် အခုက။”





