spot_img
Homeဆောင်းပါး“ပြိုကျသွားတဲ့ ကျောင်းဆောင်အောက်က ပညာရေးအိပ်မက်များ”

“ပြိုကျသွားတဲ့ ကျောင်းဆောင်အောက်က ပညာရေးအိပ်မက်များ”

-

ကန္တာရဝတီတိုင်း(မ်)

နံနက်မိုးသောက် အာရုံတက်လို့ ကျောင်းနေအရွယ်ကလေးတွေ ကျောင်းသွားဖို့ ပြင်ဆင်နေကြရမယ့် အချိန်မှာ တပိုင်းတစနဲ့ ပြိုကျပျက်စီးနေတဲ့ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ ကျောင်းအဆောက်အအုံ တခုအတွင်းက စာရေးကိရိယာအကြွင်းအကျန်တွေကို ကျောင်းသူ၊ ကျောင်းသားတချို့က သူတို့ရဲ့ ဆရာမဖြစ်သူနဲ့အတူ လိုက်လံကောက်ယူနေကြပါတယ်။

ပြိုကျသွားတဲ့ အဆောက်အအုံထဲတွေထဲမှာ တနှစ်စာအတွက် သိမ်းဆည်းထားတဲ့ စာရေးကိရိယာတွေ ပါသွားခဲ့တာပါ။

သာမန်လူတွေအတွက်တော့ အဲဒီအရာတွေကို အမှိုက်အဖြစ်သာ မြင်ကောင်းမြင်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီကလေးတွေအတွက်တော့ ကျန်နေသေးတဲ့ ပညာသင်နှစ်မှာ ဆက်ပြီးအသုံးပြုနိုင်မယ့် မျှော်လင့်ချက်အပြည့်နဲ့ အသုံးပြုလို့ရနိုင်သေးတဲ့ စာရေးကိရိယာတွေ၊ ပစ္စည်းတွေကို ကလေးတွေက ပျက်စီးနေတဲ့ အဆောက်အအုံအတွင်း နေရာအနှံ့ လိုက်လံရှာဖွေနေကြတာပါ။

၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် လုံလောက်အောင် စီစဉ်ထားခဲ့ပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့က အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အခုတော့ အပိုင်းအစတွေ ဖြစ်ကုန်ပါပြီ။

“အမှန်ဆိုရင် ဒီတနှစ်ပတ်လုံး ဖတ်စာအုပ်၊ ရေးစာအုပ်၊ ဘောပင်၊ ခဲတံ၊ ခဲဖျက်တို့တွေ တနှစ်စာလောက် ရထားတယ်။ နှစ်ဝက်ကျရင် တခေါက်ပြန်ဝေပေးမယ်။ ပထမ ကျောင်းစတက်တဲ့အချိန်တုန်းက တယောက်ကို တဒါဇင် ပေးထားတယ်။ နှစ်ဝက်ကျရင် တခေါက်ပြန်ပေးမယ် အဲ့လိုစဉ်းစားထားတယ်။ ဒါပေမယ့် အခုက ပြန်ပေးဖို့ဘာမှမရှိတော့ဘူး” လို့ အဆောင်အအုံပျက်စီးသွားတဲ့ စာသင်ကျောင်းရဲ့ တာဝန်ခံ က ပြောပါတယ်။

ပျက်စီးသွားတဲ့ အဆောက်အအုံထဲမှာ အကြွေးတွေနဲ့ တည်ဆောက်ထားတဲ့ ဆရာ၊ ဆရာမတွေရဲ့ ရုံးခန်းလည်း ပါဝင်ပါတယ်။ ဆောက်လုပ်ပြီး နှစ်လဝန်းကျင်အကြာမှာပဲ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရတာပါ။

“ဒီရုံးခန်းကို တည်ဆောက်ထားတာက နှစ်လလောက်ပဲ ရှိသေးတယ်။ ပြီးတော့ လေးခန်းတွဲ တဆောင်လုံးလည်း ပျက်စီးသွားတယ်။ ရုံးခန်းထဲမှာရှိနေတဲ့ ပစ္စည်းက တော်တော်များတယ်။ ဖတ်စာအုပ်၊ ရေးစာအုပ်၊ စာရေးကိရိယာ အစုံပေါ့။ တခြားသိုလှောင်ထားတဲ့ ပစ္စည်းလည်း ရှိတယ်။ ဥပမာ အာဟာရပိုင်းနဲ့ ပတ်သက်ပြီးတော့ ဆန်တို့၊ ဆီတို့၊ ကုလားပဲတို့ အများကြီး ပါသွားတယ်” လို့ ကျောင်းတာဝန်ခံက ဆက်ပြောပါတယ်။

အခုဗုံးကြဲတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဟာ စစ်မြေပြင်နဲ့ ဝေးရာ၊ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုကနေ လုံခြုံစိတ်ချရမယ်လို့ ယူဆရတဲ့ နေရာတနေရာမှာ တည်ဆောက်ထားခဲ့တာပါ။ ဒါပေမဲ့လည်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းရန်ကနေ မလွတ်ကင်းနိုင်ခဲ့ပါဘူး။

အခုတော့ အဲ့ဒီအခြေအနေတွေကြောင့် စာသင်ကြားမှုကိုလည်း အချိန်အတိုင်းအတာတခုအထိ ရပ်နားထားရပါသေးတယ်။

ဓါတ်ပုံ / ဩဂုတ်လ ၆ ရက်နေ့ က လေကြောင်းတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်း ( ဓတ်ပုံ – ကန္တာရဝတီတိုင်း(မ်) )

“ကလေးတချို့ဆိုရင် လေယာဉ်သံကြားပြီဆိုရင် လန့်ပြီးတော့ ငိုတဲ့ကလေးတွေ ရှိတယ်။ ပြီးတော့ ဆရာမတချို့တွေဆိုရင်လည်း ကြောက်ကုန်တယ်” လို့ ကျောင်းတာဝန်ခံ က ပြောပါတယ်။

ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ ဆရာမတဦးကလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။

“ကျမဆို တော်တော်လန့်သွားတယ်။ အိပ်ရာထဲမှာ တော်တော်လေးနဲ့ မထနိုင်ခဲ့ဘူး။ ဒီတပတ်မှပဲ ကလေးတွေကို စာကောင်းကောင်း ပြန်သင်ပေးနိုင်တယ်” လို့ သူမ က ပြောပါတယ်။

လက်ရှိမှာတော့ ကလေးတွေအတွက် ပညာသင်ကြားနိုင်တဲ့ အဆောက်အအုံ မရှိတော့ပေမဲ့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် သင်ခန်းစာတွေကို အချိန်မီပြီးဆုံးနိုင်ဖို့အတွက် ကျောင်းကိုအချိန်အကြာကြီး ရပ်နားထားလို့ မဖြစ်တာကြောင့် နီးစပ်ရာအကူအညီပေးနိုင်သူတွေဆီ အကူအညီတောင်းခံပြီး လူနေအဆောက်အအုံတွေမှာ အတန်းတွေခွဲကာ စာသင်ကြားနေရပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေကို အတန်းခွဲပြီး တကွဲတပြား စာသင်ကြားနေရတဲ့အတွက် ကြုံတွေ့ရတဲ့ အခြေအနေတွေကို ကျောင်းတာဝန်ခံက အခုလို ပြောပြပါတယ်။

“သူများအိမ်မှာ စာသင်တော့ အခက်အခဲတွေ အများကြီးရှိတယ်။ ရေသုံးတာကအစ ဘာပဲဖြစ်ဖြစ်ပေါ့။ နေရာထိုင်ခင်း၊ ပြီးတော့ ဆူညံနေတာကအစ အိမ်ရှင်အတွက် အဲ့လိုမျိုးလေး။ အဲ့တာကြောင့် ကျမတို့ ကျောင်းဆောင် ပြန်ဆောက်ရမယ်။ ပြန်ဆောက်ဖို့လည်း စီစဉ်ထားတယ်။ ဒါပေမဲ့ ဆောက်နိုင်ဖို့အတွက် အကူအညီတွေတော့ လိုက်တောင်းရဦးမယ်။” လို့ ကျောင်းတာဝန်ခံက ဆိုပါတယ်။

တဖက်မှာလည်း ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့အချိန်အတွင်း ကျောင်းဆောင်တခု ပြန်လည်တည်ဆောက်ပြီးစီးနိုင်ဖို့က စိန်ခေါ်မှုတရပ် ဖြစ်နေပါတယ်။ လက်ရှိမှာ ကျောင်းအတွက် အကူအညီတချို့ ရရှိထားပေမယ့် လုံလောက်မှုမရှိသေးဘူးလို့ သိရပါတယ်။

“ကူညီပေးလို့ရနိုင်တဲ့ဟာဆိုရင် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ ပိုက်ဆံပဲပေးပါ အဲ့လိုမျိုးလည်း မဟုတ်ဘူး။ ကလေးဖတ်စာအုပ် နည်းနည်းပါးပါးလား၊ ရေးစာအုပ် နည်းနည်းပါးပါးလား၊ အနည်းအကျဉ်းဆိုရင်တောင် ကျမတို့အတွက် တန်ဖိုးဖြစ်သွားတယ်” လို့ ကျောင်းတာဝန်ခံက ဆက်ပြောပါတယ်။

ဓါတ်ပုံ / ဩဂုတ်လ ၆ ရက်နေ့ က လေကြောင်းတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်း ( ဓတ်ပုံ – ကန္တာရဝတီတိုင်း(မ်) )

ပြိုကျသွားတဲ့ အဆောက်အအုံအောက်မှာ စာရေးကိရိယာအကြွင်းအကျန်တွေကို လိုက်လံရှာဖွေနေကြတဲ့ ကလေးတွေရဲ့ မြင်ကွင်းဟာ စစ်ပွဲကြောင့် ပညာရေးကဏ္ဍအပေါ် ရိုက်ခတ်နေတဲ့ အကျိုးဆက်တွေထဲက မြင်သာထင်ရှားတဲ့ ပုံရိပ်တခုပါ။

ကျောင်းဆောင်မရှိတော့ပေမဲ့ ပညာရေးကို ဆက်လက်သင်ယူနိုင်ဖို့ ကြိုးစားနေကြတဲ့ ကလေးတွေ အတွက်တော့ စာအုပ်တအုပ်၊ ဘောပင်တချောင်း၊ ခဲတံတချောင်း ကပင် သူတို့လေးတွေရဲ့ ပညာရေးခရီးကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ အရေးပါတဲ့အကူအညီတခု ဖြစ်နေဆဲပါပဲ။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ